မေ ၂၃ ရက် သတင်းအနှစ်ချုပ် - တောင်ကိုရီးယားမှာ အောင်ပွဲခံနေတဲ့ မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်တောင်ဘက် ဆုဝန်က အားကစားကွင်းမှာ ဗုဒ္ဓဟူးနေ့က ကန်တဲ့ ဘောလုံးပြိုင်ပွဲကို ပရိသတ် ၅၀၀၀ ကျော်လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ မိုးတွေသည်းသည်းမည်းမည်းရွာပြီး လေပြင်းတွေ တိုက်ခိုက်နေတာကို အံတုပြီး လာရောက်အားပေးကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းနဲ့ တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းအာရှအမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ယှဉ်ပြိုင်တဲ့ပွဲဖြစ်ပြီး ပရိသတ်ဟာ မိုးကာအင်္ကျီတွေ ဝတ်ပြီး အားပေးကြ၊ လှောင်ပြောင်ကြနဲ့ အားကစားကွင်းတစ်ခုလုံး သောသာညံခဲ့ပါတယ်။

ထူးခြားတဲ့အချက်တစ်ခုလည်းရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံသား ရာပေါင်းများစွာရဲ့ ပါးစပ်ဖျားကနေ နာဂိုဟယန် ဆိုတဲ့ မြောက်ကိုရီးယားဘောလုံးကလပ်အသင်းရဲ့ နာမည်ကို အော်ဟစ်အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ဘောလုံးပြိုင်ပွဲမှာ မြောက်ကိုရီးယားပါဝင်တာကို ကနဦးမှာ သံသယနဲ့ကြည့်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မကြာသေးမီနှစ်တွေမှာ ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တာမို့ နှစ်နိုင်ငံကြား ဆက်ဆံရေးက ဆိုးရွားနေတာမို့ပါ။

၂၀၂၃ ခုနှစ်မှာ ကင်ဟာ တောင်ကိုရီးယားနဲ့ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ ရည်မှန်းချက်ကို တရားဝင်စွန့်လွှတ်ပြီး တောင်ကိုရီးယားကို ရန်လိုတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအသင်းဟာ မျှော်မှန်းထားတဲ့အတိုင်း တောင်ကိုရီးယားကို ရောက်ရှိခဲ့ပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်ကစလို့ မြောက်ကိုရီးယားအားကစားသမားတွေ တောင်ကိုရီးယားကို ပထမဆုံးလာရောက်တာပဲဖြစ်ပါတယ်။ နာဂိုဟယန်အမျိုးသမီးဘောလုံးကလပ်ဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်မှာ အနိုင်ရလဒ်နဲ့ စတင်ခဲ့ပါတယ်။

သူတို့ဟာ တောင်ကိုရီးယားရဲ့ ဆူဝန်အက်ဖ်စီ အမျိုးသမီးအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချို ကမ် အုတ်နဲ့ ကင် ကျုံး ယွန်တို့ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ဖြစ်ပါတယ်။ သူတို့ဟာ ဖိုင်နယ်မှာ ဂျပန်ရဲ့ တိုကျို ဗာဒီ ဘီလဲဇာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားဘောလုံးအသင်းရဲ့ ပြိုင်ပွဲရလဒ်တွေကို လေ့လာဖူးသူတွေဆိုရင် ဒီလိုအနိုင်ရတာဟာ မဆန်းဘူးလို့ ပြောရပါမယ်။

မြောက်ကိုရီးယားဟာ အမျိုးသမီးဘောလုံးနယ်ပယ်မှာ အတော်ကိုနာမည်ကျော်ကြားခဲ့တာပါ။ ဖီဖာရဲ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၁ ရှိပြီး အာရှမှာဆိုရင် ဂျပန်ပြီးရင် ဒုတိယအဆင့်ရှိနေပါတယ်။

၂၀၁၂ ခုနှစ်က ပြုံယမ်းမှာတည်ထောင်ခဲ့တဲ့ နာဂိုဟယန်အသင်းဟာ ၂၀၂၂ ခုနှစ်မှာ မြောက်ကိုရီးယားလိဂ်မှာ အနိုင်ရရှိခဲ့ပါတယ်။ မြောက်ကိုရီးယားအသင်းမှာ နိုင်ငံလက်ရွေးစင် ကစားသမားတွေ ပါဝင်ပြီး သူတို့ကို နိုင်ငံလက်ရွေးစင်အမျိုးသမီးအသင်း နည်းပြဟောင်းက ကြီးကြပ်နေပါတယ်။

ဖခင်လိုပဲ အားကစားကို စိတ်ဝင်စားတဲ့ ကင်ဟာ မြောက်ကိုရီးယားကို အားကစားအင်အားကြီးနိုင်ငံဖြစ်စေရမယ်လို့ ကတိပြုထားပါတယ်။

၂၀၁၃ ခုနှစ်မှာ ရန်ဂ်နာကျွန်းမှာ တည်ထောင်ခဲ့တဲ့ ပြုံယမ်းနိုင်ငံတကာဘောလုံးသင်တန်းကျောင်းဟာ ထိပ်တန်းအားကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

အားကစားသမားတွေအတွက် ပြိုင်ပွဲတွေမှာ အနိုင်ရရှိရင် လူမှုရေးအဆင့်အတန်းမြင့်မားလာတတ်ပါတယ်။ သူတို့ဟာ ဇိမ်ခံကားတွေ၊ တိုက်ခန်းတွေ၊ အာဏာရ အလုပ်သမားပါတီမှာ အဖွဲ့ဝင်ဖြစ်ခွင့်ရတာတွေရှိပါတယ်။

မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းဟာ ၂၀၂၄ ဖီဖာ ယူ-၂၀ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲ၊ ၂၀၂၅ ဖီဖာ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၆ အေအက်ဖ်စီ ယူ-၁၇ အမျိုးသမီးအာရှဖလားပြိုင်ပွဲတို့မှာ အောင်ပွဲတွေရခဲ့ပြီးဖြစ်ပါတယ်။

ကသာနဲ့ အင်းတော်က စခန်းတချို့ပြန်သိမ်းထားနိုင်တယ်လို့ KIA ပြော

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာ၊ အင်းတော်နဲ့ မော်လူးတို့မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်း တပ်တွေကြားတိုက်ပွဲပြန်ဖြစ်နေပြီး စခန်းတချို့ပြန်သိမ်းထားနိုင်ပြီလို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

"မော်လူးဘက်မှာသိမ်းနိုင်တာမရှိဘူး။ ကသာပတ်ဝန်းကျင်မှာတော့ တချို့စခန်းတွေ သိမ်းနိုင်တာ ရှိပါတယ်။ အင်းတော်ဘက်မှာလည်း စီပိန်းဘက်သိမ်းတာရှိပါတယ်။ လက်နက်ခဲယမ်းတွေ ဘယ်လောက်ရလဲဆိုတာ မသိရသေးပါဘူး" လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

မော်လူးမြို့နဲ့ နမ့်စီးအောင်ရွာကြားမှာရှိတဲ့ စီပိန်းရွာကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မေ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။

"ဒီမနက်အထိတောင် အင်းတော်၊ မော်လူးဘက်မှာ နှစ်ဖက်စစ်ဆိုင်ထားတဲ့အခြေအနေပါ။ မြို့ပေါ်တွေ အထိတောင်ရောက်နေတယ်လို့ကြားရတယ်" လို့ စစ်ရေးအရင်းအမြစ်တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းအပြင် ကချင်ပြည်နယ်၊ ရွှေကူတကြောမှာလည်း စစ်တပ်ဘက်က မြေပြင်အင်အားတွေ ဖြည့်တင်းလာနေပြီး နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားနေတယ်လို့ KIA ဆီက သိရပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေ ၅ နာရီအချိန်အထိ တစုံတရာ ထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

တရုတ်မှာ ကျောက်မီးသွေးတွင်းပေါက်ကွဲ၊ အနည်းဆုံးအယောက် ၉၀ သေဆုံး

တရုတ်နိုင်ငံ၊ ရှန်းရှီပြည်နယ်မှာ ထောင်ကျိုးကုမ္ပဏီအုပ်စုပိုင် လွီရှန်ယုကျောက်မီးသွေးမိုင်းတွင်း မနေ့ညက ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူအယောက် ၉၀ သေဆုံးခဲ့တယ် အစိုးရမီဒီယာကနေ ထုတ်ပြောလာပါတယ်။

ဂတ်စ်ပေါက်ကွဲမှုဖြစ်တဲ့အချိန် အဲဒီမိုင်းတွင်းမှာ အလုပ်သမား ၂၄၇ ဦး အလုပ်လုပ်နေခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကိုကယ်ဆယ်ရေးသမားရာနဲ့ချီ ပို့ထားပြီး အစိုးရမီဒီယာမှာဖော်ပြချက်တွေအရ ကယ်ဆယ်ရေးသမားတွေက လူနာတွန်းလှည်းတွေနဲ့ သယ်ထုတ်နေတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။

လူအယောက် ၁၀၀ ကျော်ကို ဆေးရုံကိုပို့ဆောင်ထားပြီဖြစ်ပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေကြဆဲပါ။

ဒဏ်ရာရသူတွေကိုကူညီကုသဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကညွှန်ကြားထားပါတယ်။

ဒါအပြင် ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ဖို့အစိုးရအဖွဲ့ကိုပြောထားပြီး အရေးယူဆောင်ရွက်မှုတွေလုပ်မယ်လို့ပြောပါတယ်။ မိုင်းတွင်းတာဝန်ရှိသူတွေကို ထိန်းသိမ်းထားပြီလို့ အစိုးရမီဒီယာဖော်ပြချက်အရသိရပါတယ်။

ဂျူလီဘစ်ရှော့ နေပြည်တော်ရောက်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး ဆွေးနွေး

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လာရောက်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

သူ့ခရီးစဥ်အတွင်း နေပြည်တော်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သံတမန်အသိုင်း အဝိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

ကုလအထူးသံရဲ့ အခုနေပြည်တော်ခရီးစဥ်ဟာ အသွင်ပြောင်းအစိုးရလက်ထက် ပထမဆုံးလာရောက်တဲ့ခရီးစဥ်လည်းဖြစ်ပါတယ်။

ဂျူလီဘစ်ရှော့ဟာ သူ့ရဲ့နေပြည်တော်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသားတွေ လွတ်မြောက်ရေးကို လည်းဆွေးနွေးခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တချို့ထံက သိရှိရပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဘီဘီစီက ကုလသမဂ္ဂရုံးထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် အထူးသံဟာ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေနဲ့တွေ့ဆုံခဲ့ပြီး သူ့ရဲ့မြန်မာ ပြည်ခရီးစဥ်အကြောင်း ရှင်းလင်းအသိပေးခဲ့တယ်လို့ သိရပါတယ်။ ဂျူလီဘစ်ရှော့လီတွေ့ဆုံခဲ့တဲ့အထဲ အာဆီယံအဖွဲ့ဝင်နိုင်ငံသံတမန်တွေကိုပါ ဖိတ်ကြားတွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးတွေထဲ ပြန်လည်ပါဝင်ဖို့ သဘောထား အမျိုးမျိုး ရှိနေတဲ့အပေါ်ကို အထူးသံက မေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက ဘီဘီစီက သိထားရပါတယ်။

ဂျူလီဘစ်ရှော့ဟာမြန်မာနိုင်ငံဆိုင်ရာအထူးသံတာဝန်ယူပြီးတဲ့နောက် မြန်မာနိုင်ငံကို သုံးကြိမ်ထက်မနည်းလာရောက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်မှာလည်း ငလျင်သင့်ပြည်သူတွေကို အရေးပေါ် အကူအညီတွေ တုံ့ပြန်ပေးနိုင်ရေး အဲဒီတုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စ ဂျူလီဘစ်ရှော့က သူ့အနေနဲ့ မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ မြန်မာ့အရေး ပါဝင်ပတ်သက်သူအသီးသီးနဲ့ ထိတွေ့ဆက်ဆံ၊ မြန်မာပြည်သူတွေရဲ့ အသံအားလုံးကို နားထောင်ပြီး နည်းလမ်းရှာဖွေသွားမယ်လို့ ၂၀၂၅ ခုနှစ် ဧပြီလက မြန်မာခရီးစဥ်အတွင်း ပြောကြားခဲ့ပါတယ်။

မြန်မာမှာ အပစ်အခတ်ရပ်စဲရေး၊ သတ်ဖြတ်မှုတွေရပ်တန့်ဖို့နဲ့ ပဋိပက္ခတွေရပ်တံဖို့ ဆက်လက်တွန်းအားပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ဂျူလီဘစ်ရှော့ဟာ ဒီကနေ့ မေလ ၂၃ ရက်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာ မယ်လို့သိရပြီး သူ့ခရီးစဥ်နဲ့ပတ်သက်လို့ နေပြည်တော်ဘက်ကရော ကုလသမဂ္ဂဘက်ကပါ ဒီနေ့ မွန်းလွဲပိုင်းထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဆီဆိုင်မှာ မိုးကြိုးပစ်ခံရလို့ နွားကောင်ရေ ၅၀ နီးပါးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ကောင်ဝါးတောင်ရွာအနီးမှာ မေ ၂၁ ရက် နေ့လယ်တုန်းက မိုးကြိုးပစ်ခဲ့လို့ နွား ၄၉ ကောင်သေဆုံးခဲ့တယ်လို့ နီးစပ်သူတချို့ဆီက သိရပါတယ်။

"လယ်ယာစိုက်ဖို့က အရင်ကစက်တွေသုံးပေမဲ့ စက်သုံးဆီကရှားပြီး ဈေးတက်တော့ တိရစ္ဆာန် တွေကို ပြန်အားကိုးချင်တာပေါ့။ တိုက်ပွဲဖြစ်တုန်းကလည်းကျွဲ၊ နွားတွေပျောက်တော့ ဒီဘက်မှာ တိရစ္ဆာန်လည်းရှားနေတာလေ။ နွားတကောင်ကို ပျှမ်းမျှပေါက်ဈေးကလည်း သိန်း ၂၀ အထက်မှာပဲ။ ပြန်ဝယ်ဖို့တအားခက်ခဲတယ်" လို့ ကောင်ဝါးတောင်ရွာအနီး နေထိုင်သူတဦးက ပြောပါတယ်။

အဲဒီကောင်ဝါးတောင်ရွာဟာ ၂၀၂၄ ခုနှစ် ဆီဆိုင်တိုက်ပွဲပြင်းထန်ချိန်တုန်းက စစ်ဘေးသင့်ခဲ့တဲ့ ကျေးရွာဖြစ်ပြီး အခုတော့ ဒေသခံအများစုပြန်လည်နေထိုင်ချိန်မှာ သဘာဝဘေးနဲ့ထပ်မံကြုံတွေ့ရ တာလည်းဖြစ်ပါတယ်။

နေအိမ်အပျက်အစီးတွေများပြားခဲ့တာကြောင့် ဒေသခံတွေ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားနေရဆဲလို့လည်း သိရပါတယ်။

ဒါအပြင် အခုနှစ်တွေထဲ မိုးကြိုးပစ်ခတ်မှုပိုများလာတာကြောင့် ဒေသခံတွေကြား မိုးကြိုးအန္တရာယ်ကို ပိုမိုစိုးရိမ်နေရတယ် ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြပါတယ်။

"အခုဆို မိုးကြိုးပစ်သံကြားတာနဲ့ အကုန်လုံးက ဖုန်းတွေစက်ပိတ်ပြီး သတိထားတော့တာပဲ။ ဒီမှာက မိုးကြိုးလွှဲတာတွေလည်းမရှိဘူး၊ မိုးကြိုးအန္တရာယ်သတိပေးချက်တွေလည်းမရှိဘူး" လို့ ကောင်ဝါးတောင်ရွာအနီး နေထိုင်သူက ဆက်ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မနက် ၇ နာရီအချိန်ထုတ်ပြန်ချက်အရ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရခိုင်နဲ့ ရှမ်းမြောက်တို့မှာ မိုးတိမ်တောင်ဖြစ်ထွန်းနေပြီး မိုးတိမ်တောင် ရွေ့လျားရာတလျှောက်မှာ မိုးလေဝသဖြစ်စဉ်တွေသတိထားဖို့ ပြောပါတယ်။ မိုးတိမ်တောင်ရွေ့ရာတလျှောက် မိုးရွာတာနဲ့အတူ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်ပါတယ်။

ပညာရေးအေးဂျင့်ကြောင့် ငွေကြေးခေါင်းပုံဖြတ်ခံရတဲ့ မြန်မာကျောင်းသားတွေသတင်းပေးဖို့ ဖင်လန်ပြော

ဖင်လန်မှာကျောင်းတက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းသားတွေဆီက ငွေကြေးပမာဏ အမြောက်အများကောက်ခံခဲ့တဲ့ ပညာရေးအေးဂျင့်တဦးကို ဖင်လန်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့နောက် ငွေကြေးခေါင်းပုံဖြတ်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေ သတင်းပို့ဖို့ မေ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ဖင်လန်မှာကျောင်းပြီးရင်အလုပ်အလွယ်တကူရတယ်လို့ ကတိပေးပြီး သက်မွေးပညာကျောင်း တွေမှာ စာသင်ဖို့အတွက် မြန်မာကျောင်းသားတွေကိုပို့ခဲ့တဲ့ ပညာရေးအေးဂျင့်တဦးရဲ့အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဖင်လန်ပင်လယ်ကွေ့ရေကြောင်းစောင့်ကြည့်ရေးတပ်ခွဲ ပြစ်မှုနှိမ်နင်းရေးဌာန ဦးဆောင်သူ Juho Sillanpää က ဘီဘီစီကိုပြောပါတယ်။

"ဒီအမှုကိုစုံစမ်းရင်းတွေ့ရှိရတာက ဖင်လန်မှာနေထိုင်ခွင့်ပါမစ်ရဖို့အတွက် အကျိုးဆောင်တွေက ‌ကျောင်းသားတွေကိုယ်တိုင်မသိတဲ့ အချက်အလက်အမှားတွေ ပေးခဲ့တယ်လို့ သံသယရှိပါတယ်။ ဖင်လန်မှာကျောင်းသားတွေအလုပ်ရဖို့ သိပ်ခက်ခဲပြီး ‌ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ၊ အကြွေးတင် တာတွေပါ ရင်ဆိုင်နေရတယ်" လို့ Juho Sillanpää က အီးမေးလ်ကတဆင့် ပြောပါတယ်။

အခုဖမ်းဆီးမှုမှာ တရားစွဲဆိုအမှုဖွင့်သင့်၊ မသင့်ကို ဆက်လက်ဆောင်ရွက်နေပြီး အခုနှစ်ကုန်ပိုင်းမှာ နောက်ထပ်သတင်းထုတ်ပြန်ချက်ထုတ်ဖို့ ခန့်မှန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ပညာရေးအေးဂျင့်ရဲ့ နာမည်နဲ့ အဖွဲ့အစည်းနာမည်တော့ ဖင်လန်နယ်ခြားစောင့်တပ် ဘက်က ထုတ်ပြောတာမရှိပါဘူး။

ဖင်လန်ရောက်မြန်မာတွေရဲ့ ပြောပြချက်အရ Brighter Future Way အမည်ရ ပညာရေးအေဂျင်စီကို ဦးဆောင်နေတဲ့ ဦးမင်းမင်းစိုးဆွေ ဖမ်းဆီးခံရတာလို့ သိရပါတယ်။

သူဖမ်းဆီးခံရပြီးတဲ့နောက် Brighter Future Way ကနေ ဖင်လန်က သက်မွေးပညာကျောင်းတခု ဖြစ်တဲ့ EduSavo Oy ကျောင်းမှာ တက်ရောက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသား ၂၉ ဦးကို ဝင်ကြေး အပြည့်အဝမပေးသွင်းလို့ဆိုကာ ကျောင်းဘက်ကဝင်ခွင့်ရုတ်သိမ်းတဲ့ဖြစ်စဉ် အခုသီတင်းပတ်ထဲ မှာ ဖြစ်ခဲ့ပါတယ်။

EduSavo Oy ကျောင်းဦးဆောင်သူ Mira Repo ကတော့ Brighter Future Way နဲ့ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း၊ လာမယ့် သြဂုတ် ၁ ရက်မှာစမယ့် မူဝါဒအသစ်အရ ပညာရေးအေးဂျင့်တွေမလိုဘဲ ကျူရှင်ကြေးတိုက်ရိုက်သွင်းကာ ဖင်လန်အထက်တန်းကျောင်းတွေ ကို လျှောက်ထားခွင့်ရှိမယ်လို့ ဘီဘီစီကို အီးမေးလ်ကတဆင့် တုံ့ပြန်ဖြေပါတယ်။

ဦးမင်းမင်းစိုးဆွေရဲ့ Brighter Future Way ရုံးခန်းဖုန်းနံပါတ်တွေကို ချိတ်ဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို အီးမေးလ်တွေကတဆင့် မေးမြန်းမှုကိုလည်း ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိပါသေးပါဘူး။

ဖင်လန်နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ စစ်ဆေးနေတဲ့ပညာရေးအေးဂျင့်နဲ့ ဆက်စပ်သူတွေထဲကတင် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃၅၀ ခန့်ကို ကျောင်းတက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကိုးကန့် ဝေမိသားစုဝင်တွေကို တရုတ်မှာ ရုံးထုတ်

ကိုးကန့်ရဲ့ ထင်ရှားတဲ့ မိသားစုကြီး ၄ စုထဲက ဝေမိသားစုဝင်တွေကို ဖူကျန့်ပြည်နယ်၊ ချန်ကျိုးမြို့က တရားရုံးမှာ အများပြည်သူလာရောက်နားထောင်လို့ရတဲ့စစ်ဆေးမှုအဖြစ် မေ ၁၉ ရက်ကနေ ၂၂ ရက်အထိ စစ်ဆေးခဲ့တယ်လို့ တရုတ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

ဝေမိသားစုခေါင်းဆောင် ဝေစန်း၊ လျိုကျင်းဖန်၊ ကောင်းမင် တို့အပါအဝင် ဆက်စပ်သူတွေကို ကျားဖြန့်လုပ်ငန်းကနေ ယွမ် ၂၄ ဘီလျံကျော်ကို ငွေလိမ်လည်တာအပြင် တရုတ်နိုင်ငံသား ၂ ဦးကို သေဆုံးစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရုတ်နိုင်ငံက တရားရုံးမှာ စစ်ဆေးနေတာဖြစ်ကြောင်း တရုတ်သတင်းက ဖော်ပြထားတာပါ။

ဝေစန်းဟာ ဦးမင်းအောင်လှိုင်တပ်ချုပ်တာဝန်ယူစဥ်က ကိုးကန့်နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးဟောင်းလည်းဖြစ်ပါတယ်။

ဒီလိုကြားနာမှုပြီးတဲ့နောက် တရားစီရင်ချက်ကြေညာမယ့်ရက်ကိုလည်း ထပ်မံထုတ်ပြန်ဖို့ ရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသက ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ကာ တရုတ်ပြည်သူတွေကို ပစ်မှတ်ထားလိမ်လည်ခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးသုံးနှစ်အကြာ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်ကသေဒဏ်ပေးခဲ့ပြီး မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ခဲ့ပါတယ်။