နေပြည်တော်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ ဘာကြောင့် ဆက်ဆံလာသလဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၉

ဦးမင်းအောင်လှိုင် သမ္မတရာထူးယူအပြီး တစ်လအတွင်း နေပြည်တော်ကိုရောက်ခဲ့တဲ့ ဧည့်သည်တွေထဲမှာ မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့က အရပ်ဘက်/စစ်ဘက် ထိပ်တန်းသံတမန်တွေပါဝင်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ် ဖုန်ကတ်ကရောင်းက အရင်ရောက်ခဲ့ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝမ်ယိခရီးစဉ်အပြီး တစ်ပတ်အကြာမှာပဲ အိန္ဒိယရေချုပ် ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီလည်း နေပြည်တော်ရောက်လာခဲ့ပါတယ်။

မြန်မာမှာအာဏာသိမ်းပြီးနောက် သံတမန်ရေးရာ ဖယ်ချန်ဆက်ဆံတဲ့ပုံစံကို နိုင်ငံတကာကကျင့်သုံးခဲ့ပေမဲ့ အသွင်ပြောင်းအစိုးရတက်လာချိန်မှာ အိမ်နီးချင်းသုံးနိုင်ငံရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုဟာ နိုင်ငံရေးအကဲခတ်တွေအတွက် အာရုံစိုက်စရာတခုဖြစ်ပါတယ်။

ဒါဟာ တော်လှန်ရေးအင်အားစုတွေက ဘုံသဘောတူညီမှု စုစည်းအားမတည်ဆောက်နိုင်ခဲ့တာရဲ့ နောက်ဆက်တွဲလို့လည်း အကဲခတ်တချို့က ထောက်ပြပြန်ပါတယ်။

အာဆီယံအတွက် ကြားခံတံတားဖြစ်လိုတဲ့ ထိုင်း

အသွင်ပြောင်းသမ္မတဦးမင်းအောင်လှိုင်ဆီ အရင်ဆုံးရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ်ဟာ အရင်ကတည်းကနေပြည်တော်ကိုအဝင်အထွက်ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် အပစ်ရပ် သဘောတူစာချုပ် (NCA) အထိမ်းအမှတ်ပွဲတချို့ကိုတက်ခဲ့သလို ၂၀၂၅ မတ်လတုန်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ပြည်ပပညာရှင်အဖြစ် ဆွေးနွေးခဲ့သူပါ။

စစ်ကော်မရှင်လက်ထက်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာတွေ့ဆုံခဲ့ချိန်ကလည်း မြန်မာနဲ့ အာဆီယံကြား ကြားခံတံတားသဖွယ် ကူညီလိုတယ်လို့ ပြောခဲ့ပါတယ်။

"ခွန်ဆီဟာဆတ်က လုံးဝ မြန်မာပဲ။ မြန်မာအရေးနဲ့ပတ်သက်ပြီး တကယ်ကိုတစိုက်မက်မက်ကိုင်တွယ် လိုတဲ့သူပါ" လို့ ထိုင်း - မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လာလီတ ဟန်ဝေါင်းက ပြောပါတယ်။

ဒေါက်တာ လာလီတ ဟန်ဝေါင်းဟာ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း နီးနီးစပ်စပ် ဆက်ဆံရှိသူဖြစ်ပါတယ်။

မြန်မာမှာရွေးကောက်ပွဲနဲ့ စစ်ခေါင်းဆောင်က အရပ်ဘက်အသွင်ပြောင်းနေချိန်မှာ ထိုင်းမှာလည်း ရွေးကောက်ပွဲကတဆင့် ဝန်ကြီးချုပ်အနုတင်ဦးဆောင်တဲ့အဖွဲ့က အစိုးရသစ်ဆက်ဖြစ်လာပါတယ်။ အမျိုးသားရေးကို ဦးစားပေးမဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲနိုင် အစိုးရဆက်ဖွဲ့နိုင်တဲ့ ဝန်ကြီးချုပ် အနုတင်ရဲ့ ဦးဆောင်မှုဟာ "ထိုင်း-ကမ္ဘောဒီးယား" အရေးကို ဦးစားပေးကိုင်တွယ်နေပါတယ်။

ဒါပေမဲ့ ကီလိုမီတာ ၂,၀၀၀ ‌ကျော်နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာ့နယ်စပ်ကနေ သက်ရောက်လာမှုတွေကလည်း ထိုင်းအစိုးရက နေပြည်တော်နဲ့ဆက်ဆံရမယ့်အကြောင်းပြချက်ဖြစ်လာပါတယ်။

အာဏာသိမ်း ၅ နှစ်အတွင်း မြန်မာ့အကျပ်အတည်းရဲ့ သက်ရောက်မှုကို ထိုင်းကအများဆုံးကြုံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ ဒုက္ခသည်တွေအရေးကစလို့ နယ်စပ်မှာ ခြေကုပ်ယူလာတဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) တွေကိုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးကုန်သွယ်မှုလို ရာဇဝတ်မှုတွေ အပြင် မြန်မာ့စစ်ပွဲတွေကနေ နယ်စပ်ကျော်လွန်လာတဲ့ လက်နက်ကြီးကျည်ကျရောက်မှုအဆုံး ထိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေရပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ဆက်စပ်တဲ့ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြဿနာ၊ မြစ်ရေတွေ အာဆင်းနစ်မြင့် အဆိပ်သင့်တာတွေဟာ ထိုင်းပြည်သူတွေက သူ့အစိုးရကိုဖြေရှင်းဖို့တောင်းဆိုတဲ့ကိစ္စတွေ ဖြစ်လာပါတယ်။

"သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ထိုင်းပြည်သူတွေရဲ့ နေ့စဉ်စီးပွားရေးနဲ့ လူမှုဘဝကိုအကျိုးပြုရမယ်ဆိုပြီး သူ့လက်ထက်မှာတွင်တွင်ကျယ်ကျယ်သုံးလာတယ်" လို့ ထိုင်း - မြန်မာအရေး စောင့်ကြည့်လေ့လာသူ မဝင့်ဝါက ပြောပါတယ်။

မဝင့်ဝါ(အမည်လွှဲ)က ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အထူးပြုလေ့လာနေတဲ့ မဟာတန်းကျောင်းသူဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရာထူးအပြင် ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်လာတဲ့ မစ္စတာ ဆီဟာဆတ်ဟာ "Diplomacy 2.0" လို့ခေါ်တဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲကြား အကျိုးစီးပွားကိုဦးစားပေးတဲ့ ထိုင်းနိုင်ငံခြားရေးမူဝါဒကို ကြေညာထားပါတယ်။

"လွန်ခဲ့တဲ့ ၅ နှစ်မှာကြုံခဲ့ရတာတွေအရ အဓိကသူဖြစ်ချင်တာက မြန်မာကို အာဆီယံထဲ ပြန်ပါစေချင်တယ်ဆိုတာထက် အာဆီယံထဲမှာ ဖြစ်လာတဲ့တချို့ပြဿနာတွေဟာ မြန်မာမှာတာဝန်ယူတာဝန်ခံပေးမယ့် State holder အစုအဖွဲ့၊ အစိုးရတစ်ရပ်ရှိမှရမယ်ဆိုတဲ့အမြင်ဖြစ်လာပါတယ်" လို့ မဝင့်ဝါက ပြောပါတယ်။

ဒါမှသာ အာဆီယံဒေသတွင်းမှာပါ ဖြေရှင်းဖို့လိုအပ်တဲ့ကိစ္စရပ်တွေ ရှေ့ရောက်နိုင်ပြီး ပထဝီနိုင်ငံရေး၊ ပထဝီအကျိုးစီးပွားနဲ့ပါ ဆက်နွယ်လာပါတယ်။ ဒါကြောင့် ရွေး‌ကောက်ပွဲကနေ အသွင်ပြောင်းလာတဲ့ နေပြည်တော်အစိုးရနဲ့ ထိုင်းက ထိတွေ့ဆက်ဆံလာတာလို့ သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကလည်း အာဆီယံနဲ့ ထိတွေ့ဆက်ဆံရေး ပြန်တည်ဆောက်လိုကြောင်း သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာ ဧပြီ ၂၂ ရက်မှာပဲ မစ္စတာ ဆီဟာဆတ်က ပထမဆုံးအဆင့်မြင့်သံတမန်ဧည့်သည်အဖြစ် နေပြည်တော်ကို ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုအရ နယ်စပ်တည်ငြိမ်ရေးအပြင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့၊ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍတွေလို စီးပွားရေးဆိုင်ရာမှာပါ ပိုပူးပေါင်းဖို့ ရှိနေပါတယ်။

နေပြည်တော်နဲ့ နီးနီးကပ်ကပ်ဆက်ဆံရေး ရှိလာတာကို ထိုင်းဒီမိုကရေစီအင်အားစုတွေက ကန့်ကွက်မှု တချို့ ရှိနေပြီး မြန်မာနဲ့ဆက်ဆံရေးတည်‌ဆောက်ဖို့ဟာ ထိုင်းပြည်တွင်းရေးနဲ့လည်း ထိန်းညှိကိုင်တွယ်နေရဟန်ရှိပါတယ်။

မစ္စတာ ဆီဟာဆတ်ရဲ့နေပြည်တော်ခရီးစဉ်အပြီး ဧပြီလကုန်ပိုင်းမှာပဲ ထိုင်း - မြန်မာနယ်စပ် တာ့ခ်ခရိုင်တဝိုက် ထိုင်းလေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေ ကင်းလှည့်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းရဲ့ မြန်မာအရေးရပ်တည်ချက်ဟာ မကြာသေးခင်ကပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပိုပေါ်လွင်ခဲ့ပါတယ်။

နေပြည်တော်အစိုးရက မြန်မာကို ကိုယ်စားပြုပြီး အာဆီယံထဲပြန်ဝင်ဖို့ခြေလှမ်းအတွက် ထိုင်းက ၄၈ ကြိမ်မြောက်မှာ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မှတ်တမ်းတင်ရှိတယ်ဆိုတဲ့အခြေအနေနဲ့သာ အစည်းအဝေးပြီးခဲ့ပါတယ်။

မြန်မာ့အရေးဟာ အာဆီယံရဲ့စည်းလုံးမှု၊ ခိုင်မာမှုနဲ့ ခံနိုင်ရည်စွမ်းတွေအပေါ် အဓိက စမ်းသပ်ချက် တစ်ခုဖြစ်နေတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က ထုတ်ပြောခဲ့ပါတယ်။

ထိုင်းရဲ့ ကြိုးပမ်းမှုရှိခဲ့တာနဲ့ အတူ အာဆီယံအတွင်းမှာပါ မြန်မာနဲ့ပတ်သက်လို့ အစုအဖွဲ့ကွဲလာတဲ့အခင်းအကျင်းက ပိုပြီးမြင်သာပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားပြီး အလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံက တွဲဖက်(Troika) ပုံစံနဲ့ မြန်မာက အစုအဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုလုပ်ဖို့၊ အမြဲတမ်းအာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးတွေနဲ့ပတ်သက်လို့သာ အစည်းအဝေးအပြီးအစီရင်ခံစာမှာ ပါဝင်လာခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံတချို့ဟာ ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ တန်းတူကိုယ်စားပြုမှု ကိုချန်လှပ်ထားတာတွေကို ဆက်လုပ်ဖို့ကြိုးပမ်းနေတယ်လို့ နေပြည်တော်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း ၁၊ အပိုဒ် ၂ ပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အာဆီယံအဖွဲ့ဝင်တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆိုတာနဲ့ ဖိအားပေးတာတွေကို ဆောင်ရွက်တာလို့ ဖော်ပြခဲ့ပါတယ်။

ဒီလိုအရွေ့တွေဟာ တရုတ်ရဲ့ နေပြည်တော်ဘက် ပေါ်ပေါ်ထင်ထင်ရပ်တည်တာရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းရေးဆိုင်ရာ အကြံပေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး မစ္စတာ ရစ်ချတ် ဟော်ဆီက ထောက်ပြပါတယ်။

သုံးပွင့်တခိုင်မူဝါဒနဲ့ တရုတ်

နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ၂၀၂၄ သြဂုတ်တုန်းက နေပြည်တော်ခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက် အဖြေမပေါ်ခဲ့တဲ့ တရုတ်ရဲ့ရပ်တည်ချက်အတွက် အဖြေပေးခဲ့တာလည်းဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကိုဦးဆောင်ခဲ့တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်/ MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်လိုက်တာဟာ တရုတ်ရဲ့လွှမ်းမိုးမှုအတိုင်းအဆကိုသိနိုင်ပါတယ်။

တရုတ် - မြန်မာနယ်စပ်တည်ငြိမ်ပြီး နယ်စပ်ကုန်သွယ်ရေးအပါအဝင် BRI ပိုးလမ်းမစီမံကိန်းကို အကောင်အထည်ဖော်လိုတဲ့ တရုတ်ရဲ့ ဆန္ဒဟာ ရှမ်းမြောက်ကစစ်ရေးအခင်းအကျင်းကိုပါ အပြောင်းအလဲ ဖြစ်စေခဲ့တဲ့အထိပါ။

တရုတ်ဟာ မြန်မာ့အ‌ရေးနဲ့ပတ်သက်လို့ "သုံးပွင့်တခိုင်" မဟာဗျူဟာလုပ်ငန်းစဉ်အတိုင်း လုပ်နေတာလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က သုံးသပ်ထားပါတယ်။

  • ပဋိပက္ခအရှိန်လျှော့ချရေး
  • ရွေးကောက်ပွဲကတဆင့် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရေး နဲ့
  • ရွေးကောက်ပွဲအလွန် တရုတ်နိုင်ငံက ကမကထလုပ်ပြီး ကြားဝင်ဖျန်ဖြေဖို့ ကြိုးစားရေး ဆိုတဲ့ အချက်သုံးချက်ပါ။

အဲဒီထဲက ပထမနှစ်ချက်က အတိုင်းအတာတခုအထိ ခရီးရောက်ခဲ့ပြီလို့ ISP-Myanmar ရဲ့ China Studies Program ကိုဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။

"တရုတ်က အခုလုပ်နေကြပုံစံပဲ ဆက်ပြီးတော့သွားပါလိမ့်မယ်" လို့ မနန်းလွင်က ဆက်ပြောပါတယ်။

International Crisis Group အဖွဲ့ ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး မစ္စတာ ရစ်ချတ် ဟော်ဆီကလည်း တရုတ်ရဲ့ နေပြည်တော်ဘက်ရပ်တည်ပြခဲ့တာကြောင့် ထိုင်းနဲ့ အိန္ဒိယတို့ကပါ ဆက်ဆံရေးလုပ်လာတာလို့ သုံးသပ်ပါတယ်။

"တရုတ်ကမီးစိမ်းပြတယ်လို့မဆိုနိုင်ပေမဲ့ တရုတ်ရဲ့ ရပ်တည်ချက်အရ ငါတို့လည်းစကားပြောသင့်ပြီ ဆိုတာမျိုး အိမ်နီးချင်းနိုင်ငံတွေက နားလည်ပုံရတယ်။ ရွေးကောက်ပွဲလုပ်လိုက်တာကလည်း လူအတူတူ၊ အဝတ်စားပဲလဲတာဆိုပေမဲ့ အခင်းအကျင်းအသစ်လို့ နိုင်ငံတကာကရှုမြင်ပြီး ထိတွေ့ဆက်ဆံလို့ရတဲ့ လမ်းပွင့်တဲ့သဘောပါ" လို့ သူက ဆက်ပြောပါတယ်။

ဦးမင်းအောင်လှိုင်သမ္မတအဖြစ် အရွေးခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့တာက တရုတ်နိုင်ငံပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဝမ်ယိရဲ့ နှစ်ရက်တာ နေပြည်တော်ခရီးစဉ်မှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးကို ကာကွယ်ဖို့ဆိုပြီး ဆွေးနွေးခဲ့ကြတာက ဒါကိုပိုမြင်သာစေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CCP)၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာ ဝမ်ယိဟာ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံကိုလာရောက်ခဲ့ပြီး ဧပြီ ၂၅ နဲ့ ၂၆ ရက်မှာ ခရီးစဉ်နောက်ဆုံးအဖြစ် နေပြည်တော်ကိုရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ် နေပြည်တော်ခရီးအပြီး ၃ ရက်အကြာမှာ မစ္စတာ ဝမ်ယိ ရောက်လာတာပါ။

မစ္စတာ ဝမ်ယိရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဦးစားပေးဆွေးနွေးလာတဲ့ ဒီခရီးစဉ်မှာ မြန်မာကလည်း တရုတ်နဲ့အတူ ကျားဖြန့်တွေကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှု၊ စွမ်းအင်နဲ့ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနဲ့ နည်းပညာကဏ္ဍတွေမှာ ပိုပူးပေါင်းဖို့ရှိနေသလို နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့ အာဆီယံအသိုက်အဝန်းအတွင်း ပူးပေါင်းမှုမြှင့်တင်မယ်လို့ ဆိုပါတယ်။

"ဦးမင်းအောင်လှိုင်အစိုးရကို လက်ခံယုံကြည်လောက်ဖွယ်ရှိတဲ့အပြောင်းအလဲတွေလုပ်ဖို့ တွန်းနေပုံ ရပါတယ်" လို့ ISP Myanmar ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလေ့လာမှုဌာနက သုတေသီ တစ်ဦးကလည်း ပြောပါတယ်။

မစ္စတာ ဝမ်ယိနဲ့ မစ္စတာ ဆီဟာဆတ်တို့ ခရီးစဉ်အပြီးထုတ်ပြန်ချက်အရ ဒီနှစ်နိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်က ကျားဖြန့်နှိမ်နင်းရေးတို့လို လိုလားချက်တွေ တူညီနေပြန်ပါတယ်။

"ထိန်းသိမ်းရခက်တဲ့နယ်မြေတွေကတဆင့် ဒီနိုင်ငံကြီးကလူတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေက မသိကျိုးကျွံပြုထားလို့ရတဲ့အနေအထားကို ကျော်သွားပြီ။ ဒါကြောင့် ဒါကိုကိုင်တွယ်ဖို့ကြိုးစားကြတာပါ" လို့ တရုတ် - မြန်မာအရေးလေ့လာစောင့်ကြည်သူ တစ်ဦးက ပြောပါတယ်။

နေပြည်တော်ကလည်း ဒီအကျိုးစီးပွားလိုလားချက်ကို နိုင်ငံရေးအရွေ့ဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ အဲဒီထဲက ထင်ရှားတဲ့အချက်က တရုတ်အတွက် မြန်မာဟာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်တယ်ဆိုပြီး အကြိမ်ကြိမ်ထုတ်ပြောခဲ့တာပါ။

အဲဒီထွက်ပေါက်ကပဲ အိန္ဒိယက နေပြည်တော်ကို ချဉ်းကပ်လာရတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။

အိန္ဒိယရဲ့စိုးရိမ်ချက်

မစ္စတာ ဝမ်ယိနေပြည်တော်ကပြန်ပြီး တစ်ပတ်အကြာမှာပဲ အိန္ဒိယရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီ နေပြည်တော်ကိုရောက်ခဲ့ပါတယ်။ မေ ၂ ရက်ကနေ ၅ ရက်အထိ နေပြည်တော်မှာရှိခဲ့တဲ့ အိန္ဒိယရေချုပ်ဟာ မြန်မာတပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ တွေ့ဆုံခဲ့တာပါ။

"ဒါက နေပြည်တော်သမ္မတအသစ်ကို အသိအမှတ်ပြုတာထက် တရုတ်နဲ့မဟာဗျူဟာ ပြိုင်ဆိုင်မှု တစ်ရပ်ပါပဲ" လို့ အိန္ဒိယ - မြန်မာနယ်စပ်ကလက်နက်ကိုင်ပဋိပက္ခတွေအကြောင်း လေ့လာနေတဲ့ မစ္စတာ အက်ရှုမန် ချော့ခ်ဟာရီ က သုံးသပ်ပါတယ်။

အက်ရှုမန်ဟာ စင်ကာပူအမျိုးသားတက္ကသိုလ်နဲ့ လန်ဒန်ဘုရင့်ကောလိပ်တို့မှာ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာမှာ သြဇာလွှမ်းမိုးနိုင်ရေးအပြိုင်တည်ဆောက်နေတာလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

"အိန္ဒိယက တရုတ်နဲ့အပြိုင် ချိန်ခွင်လျှာညှိချင်တာပါ။ ဒေသတွင်းမှာ ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံဖြစ်ပေမဲ့ အိန္ဒိယက စွန့်စားရတာမျိုး မကြိုက်ဘူး။ ဒီလို မစွန့်စားလို့ပဲ ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်မှုတွေကြားမှာ အိန္ဒိယက တရုတ်ရဲ့အနောက် ဖြစ်နေမှာပဲ" လို့ မစ္စတာ အက်ရှုမန် ချော့ခ်ဟာရီက သူ့အမြင်ကို ပြောပါတယ်။

"သမုဒ္ဒရာနှစ်စင်း ထွက်ပေါက်ရှိတဲ့ အိန္ဒိယအတွက် ဒီထွက်ပေါက်ကိစ္စက သိပ်စိုးရိမ်စရာမဟုတ်ပေမဲ့ မြန်မာက တရုတ်နဲ့နီးနီးစပ်စပ်ဖြစ်လာတာကို အိန္ဒိယက သိပ်ပျော်ဟန်မရှိပါဘူး" လို့ International Crisis Group အဖွဲ့ ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး မစ္စတာ ရစ်ချက် ဟော်ဆီ ကလည်းပြောပါတယ်။

အကျိုးစီးပွားရှုထောင့်အရ ရခိုင်ပြည်နယ်ဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်သာမက အိန္ဒိယအတွက်ပါ အရေးပါတဲ့ရပ်ဝန်းဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း အိန္ဒိယအကောင်အထည် ဖော်လိုတဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေရှိနေပါတယ်။ အာရှအဝေးပြေးလမ်းမကြီးကွန်ရက်ဆိုရင် ထိုင်း၊ အိန္ဒိယရော တရုတ်နဲ့ပါ အကျိုးစီးပွားဆက်နွှယ်နေပါတယ်။

အခု အိန္ဒိယ‌ရေချုပ်နဲ့ မြန်မာတပ်ချုပ်တို့တွေ့ဆုံမှုထုတ်ပြန်ချက်တွေကိုကြည့်ရင် ရေတပ်တွေကြား စွမ်းရည်မြှင့်ဖို့၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု၊ သင်တန်းသားတွေစေလွှတ်ဖို့ကိစ္စတွေပါဝင်ပါတယ်။

ဒါပေမဲ့ အိန္ဒိယဘက်ကထုတ်ပြန်ချက်မှာမပါဝင်ဘဲ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ သုံးနှုန်းဖော်ပြထားတဲ့ အချက် တစ်ချက်က "နယ်စပ်မှာ အကြမ်းဖက်သောင်းကျန်းသူတွေ မရှိစေဖို့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မယ်" လို့ ဖော်ပြခဲ့တာပါ။

ဒါဟာ နေပြည်တော်ကိုလာတဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယက ဧည့်သည်တိုင်း နယ်စပ်လုံခြုံရေးကိစ္စကို ပြောလာတဲ့သဘောဖြစ်ပါတယ်။

ရှမ်းမြောက်စစ်မျက်နှာပြင်ကို အပြောင်းအလဲဖြစ်စေတဲ့ တရုတ်လိုမျိုး ထိုင်းနဲ့ အိန္ဒိယတို့က သူတို့ရဲ့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လွှမ်းမိုးကာ အကျိုးစီးပွားအကာအကွယ်ဖြစ်ဖို့ လုပ်လာနိုင်မလား။

သုံးနိုင်ငံနယ်စပ်မျဉ်းက တော်လှန်ရေးတပ်တွေ

အိန္ဒိယနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင်အဖွဲ့ (CB)၊ အာရက္ခတပ်တော် (AA) အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အိန္ဒိယအစိုးရကြား ဆက်ဆံရေးရှိပြီးဖြစ်ပါတယ်။ ထိုင်းနယ်စပ်ဆိုရင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (Karenni Nationalities Defence Force) တို့ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာ ထိုင်းအစိုးရ အဆက်ဆက်နဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဆက်ဆံရေးရှိနေပါတယ်။

"KNU နဲ့ ဆိုရင် ထိုင်းစစ်တပ်က တချိန်လုံးစကားပြောနေတာပါ။ ဒေသတွင်းအဆင့် တွေ့ဆုံစကားပြောမှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးဖြေရှင်းဖို့၊ နယ်စပ်ကပြဿနာတွေ ကိုင်တွယ်ဖို့ပြောတဲ့အခါမှာ တော်လှန်ရေးအဖွဲ့ (EAOs) တွေကို စုစည်း ဦးဆောင်သူ မရှိနေဘူး။ ထိုင်းက ဘယ်သူနဲ့ စကားပြောရမလဲ" လို့ ထိုင်း - မြန်မာအရေး ကျွမ်းကျင်တဲ့ ဒေါက်တာ လာလီတ ဟန်ဝေါင်းက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ အများပါဝင်တဲ့ကိုယ်စားပြုစုဖွဲ့မှုကို မတည်ဆောက်နိုင်ဘဲ အချိန်ဖြုန်းခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

အိမ်နီးချင်းတွေကသူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ လက်တွေ့ကျတဲ့ ချဉ်းကပ်နည်းအဖြစ် နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံလာကြတယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ နိုင်ငံရေးအကဲခတ် ၈ ဦး ထက်မနည်းက သဘောထားတူစွာဖြေကြပါတယ်။

"မီဇိုရမ်အစိုးရဆိုရင် ချင်းအပေါ်ကို လွှမ်းမိုးမှုရှိပြီး ချင်းအဖွဲ့အချင်းချင်းကြား အဆင်ပြေအောင် ကြားဝင်စေ့စပ်တာမျိုး လုပ်ပေးခဲ့တာမျိုးရှိပါတယ်။ ဒါပေမဲ့ တရုတ်လိုမျိုးလွှမ်းမိုးနိုင်ဖို့ အိန္ဒိယက ဆန္ဒရှိနိုင်ပေမဲ့ လုပ်နိုင်စွမ်းမရှိပါဘူး" လို့ မစ္စတာ အက်ရှုမန် ချော့ခ်ဟာရီ က ပြောပါတယ်။

  • နယ်စပ်မှာပဋိပက္ခမဖြစ်ပွားရေး နဲ့
  • ရွှေတြိဂံဒေသကနေသယ်ယူလာတဲ့ မူးယစ်ဆေးဝါးတွေ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံတွင်း ရောက်ရှိလာတာကို ဟန့်တားရေး စတဲ့ နှစ်ချက်ကို အိန္ဒိယက အဓိကလိုလားဟန်ရှိပါတယ်။

"မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်ကြောင့် ကသည်း၊ အာသံလို အိန္ဒိယသူပုန်အဖွဲ့တချို့ မြန်မာဘက်ခြမ်းမှာ အခြေချနေတာကို ပိုပြီးကိုင်တွယ်လိုတာပါ" လို့ မစ္စတာ အက်ရှုမန်က ဆက်ပြောပါတယ်။

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးကို စောင့်ကြည့်တဲ့ India For Myanmar အဖွဲ့ရဲ့အချက်အလက်အရလည်း ၂၀၂၆ ပထမ လေးလတာအတွင်းမှာတင် အိန္ဒိယနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အိန္ဒိယ အစိုးရကြားထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

တရုတ်လိုမျိုး နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လွှမ်းမိုးလိုစိတ် ထိုင်းအစိုးရမှာ မရှိနေဘူးလို့ ဒေါက်တာ လာလီတက ပြောပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးအတွက် နှစ်ဖက်လုံးကို ချဉ်းကပ်ရာမှာ နိုင်ငံခြားရေးရာမူဝါဒထက်ပိုတဲ့ တိကျရှင်းလင်းတဲ့ဗျူဟာနဲ့ ထိုင်းက သွားသင့်တယ်လို့ သူက သုံးသပ်ပါတယ်။

ပထဝီနိုင်ငံရေး၊ စီးပွားရေးတွေကြားမှာ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့အကျိုးစီးပွားဆုံရပ် ဖြစ်ကြောင်း ပိုမြင်သာလာပါတယ်။ ဒါပေမဲ့ နေပြည်တော်ရောက် ဧည့်သည်တွေရဲ့ခြေလှမ်းတွေဟာ အစိုးရသစ် တစ်ရပ် တက်လာတာကြောင့် ဆက်ဆံရေးပြန်အစပျိုးတဲ့သဘောလို့သာ ISP Myanmar က သုံးသပ်ပါတယ်။

ဘီဘီစီက စကားပြောခွင့်ရတဲ့အကဲခတ်တွေကတော့ နေပြည်တော်ကိုတန်ပြန်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့အကျိုးစီးပွားလိုလားချက်နဲ့ဆက်စပ်လို့ တော်လှန်ရေးအဖွဲ့တွေကလည်း ထည့်သွင်းစဉ်းစားချိန်တန်ပြီလို့ မီးမောင်းထိုးပြောကြပါတယ်။