ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မိုဒီ ဖိတ်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးမှာ ဘာတွေဆွေးနွေးမလဲ

ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ကဏ္ဍစုံပူးပေါင်းရေးဆွေးနွေးမယ့် သတင်းအပါအဝင် မေ ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့်ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ်တွေကို လုံးဝကူညီတော့မှာ မဟုတ်ဘူးလို့ "ဝ" တပ်က ခေါ်ပြောခဲ့ပြီးနောက် တနှစ်နီးပါးအကြာမှ ဝ နဲ့ ကိုးကန့်တပ် ပြန်တွေ့ဆုံ
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့လှုပ်ရှားမှုအနေနဲ့ အသက်ရှင်နေကြောင်း သက်သေပြဖို့အတွက် ကမ္ဘာလုံးဆိုင်ရာစုပေါင်းတောင်းဆိုပွဲ လုပ်မယ်
  • စစ်ခေါင်းဆောင်ရဲ့ ဆေးမှူးလုပ်ခဲ့သူ ဗိုလ်ချုပ်ကိုကိုလွင် သမ္မတရုံး လူမှုရေးနဲ့ ကျန်းမာရေးဗျူရို အမှုဆောင်ချုပ်
  • Stefanus ရဲ့ ဒီနှစ်အတွက်ဆုကို မြန်မာ အမျိုးသမီး ဂျာဆန်အင် ရရှိ
  • တော်လှန်ရေးတပ်အချင်းချင်းကြားဖြစ်တဲ့ မင်းကင်းပဋိပက္ခ နှစ်ဖက်သဘောတူညီချက်ရ
  • ဇွန် ၁ ရက်မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ ဦးမင်းအောင်လှိုင်‌တို့ နယူးဒေလီမြို့မှာတွေ့ဆုံမယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၂၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ တစ်နေ့တာ သတင်း‌တွေကို ဒီစာမျက်နှာမှာ တစ်စုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ချယ်ရီထက် ပဟေဠိ

    မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးအမျိုးသမီးနိုင်ငံရေးသမားနဲ့ သူ့ကိုယ်ရံတော်တို့ရဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနဲ့အတူ လွမ်းစရာအတိတ်ဖြစ်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရံတော် ဒုရဲအုပ်ချယ်ရီထက် ဘာကြောင့်မလွတ်သေးတာလဲ။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ဒေါ်လာမှာ ဒေါ်နယ်ထရမ့်ပုံထည့်ဖို့ပြင်

    အမေရိကန်သမ္မတထရမ့်ရဲ့ ရုပ်ပုံပါတဲ့ ဒေါ်လာ ၂၅၀ တန်ငွေစက္ကူသစ်ကို ရိုက်နှိပ်ထုတ်ဝေဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ လွှတ်တော်အမတ်တွေရဲ့ခွင့်ပြုချက်တော့ လိုပါသေးတယ်။

    ပြည်ထောင်စုဥပဒေအရ သက်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့ ပုံတူပါတဲ့ ငွေစက္ကူထုတ်ဝေခွင့်ကိုပိတ်ပင်ထားပေမဲ့ ကွန်ဂရက်မှာရှိတဲ့ ထရမ့်ရဲ့ မဟာမိတ်တွေက ခြွင်းချက်အနေနဲ့ ခွင့်ပြုမယ့် ဥပဒေကြမ်းတစ်ခုကို တင်သွင်းထားပြီးဖြစ်ပါတယ်။

    ဥပဒေကြမ်းနဲ့ပတ်သက်လို့ သင့်တော်တဲ့ ပြင်ဆင်မှုနဲ့ အားစိုက်ထုတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ငွေစက္ကူသစ်ဟာ ဒီနှစ်မှာ အမေရိကန်နိုင်ငံတည်ထောင်မှု နှစ် ၂၅၀ ပြည့်မြောက်မှု သင်္ကေတလည်းဖြစ်လာနိုင်တယ်လို့ ဥပဒေကြမ်းတင်သွင်းတဲ့ အမတ်တွေကပြောဆိုခဲ့ပါတယ်။

    ဥပဒေကြမ်းသာ အတည်ပြုခဲ့ရင် ဒါဟာ ထရမ့်ရဲ့မျက်နှာ၊ နာမည်နဲ့ ပုံတူတွေကို နိုင်ငံတော်ဆိုင်ရာအဆောက်အအုံတွေ၊ သင်္ကေတတွေမှာ ထားရှိမှုနဲ့ပတ်သက်လို့ ထရမ့်နဲ့သူ့မဟာမိတ်တွေရဲ့ နောက်ဆုံးလုပ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။

    ဒေါ်လာ ၂၅၀ တန်ငွေစက္ကူနဲ့ပတ်သက်လို့ အနုပညာဆိုင်ရာအယူအဆကို အများပြည်သူကို ထုတ်ပြန်တာမလုပ်သေးပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇိုင်းတောင်းဆိုထားပြီးဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုတည်ထောင်ခဲ့တဲ့ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ငွေစက္ကူတွေမှာ ထရမ့်ရဲ့လက်မှတ်ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

    ဥပဒေကြမ်းကို တောင်ကာရိုးလိုင်းနားပြည်နယ်က ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျိုး ဝီလ်ဆင်က အရင်နှစ်မှာ လွှတ်တော်ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

    အထက်လွှတ်တော်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာကော်မတီမှာ ပါဝင်တဲ့ အထက်လွှတ်တော်အမတ် မာ့ ဝါနာက အခုအစီအစဉ်ကို ဝေဖန်ထားပါတယ်။

    “အမေရိကန်နိုင်ငံသားတွေ လောင်စာ၊ နေ့စဉ်စားသောက်ကုန်၊ နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေ မြင့်တက်လာလို့ ရုန်းကန်နေရချိန်မှာ သမ္မတထရမ့်ရဲ့ ဦးစားပေးက မိသားစုတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လုံးဝကို ကင်းကွာနေပါတယ်” လို့ သူကပြောပါတယ်။

    “အိမ်ဖြူတော်ဟာ သမ္မတရဲ့အတ္တကို ဖြည့်ဆည်းနေတဲ့ တဝက်လောက်ကိုပဲ စရိတ်ကျဆင်းဖို့ လုပ်စမ်းပါ၊ အမေရိကန်တွေ ဓာတ်ဆီဖြည့်ဖို့ ဒေါ်လာ ၂၅၀ တန် အသစ်တောင် မလိုဘူး” လို့ သူက ဆက်ပြောပါတယ်။

  4. ၁၀၂၇ စစ်ဆင်ရေးအပြီး ဝ နဲ့ ကိုးကန့် ခရိုင်အဆင့်တွေ့

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအလွန် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ရဲ့ ပထမအကြိမ် ခရိုင်အဆင့် ဆွေးနွေးပွဲအဖြစ် မေ ၂၈ ရက်နေ့မှာ တွေ့ခဲ့ကြောင်း “ဝ” ဘက်က လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

    ဒီဆွေးနွေးပွဲကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သေနတ်မဖောက်ဘဲ “ဝ” တပ်ရလိုက်တဲ့ ဟိုပန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    နှစ်ဖက်နယ်စပ်လုံခြုံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဖြတ်သန်းသွားလာနိုင်ရေးအပြင် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုဆိုင်ရာ တားဆီးနှိမ်နင်းရေးဆိုတဲ့ အချက် ၄ ချက်ကို သဘောတူညီချက်ရခဲ့တယ်လို့ “ဝ” သတင်းတွေကို ဖော်ပြနေတဲ့ Wa News Land က ဖော်ပြပါတယ်။

    “ဝ” ဘက်က ဟိုပန်ခရိုင်လက်အောက်က ဟိုပန်၊ ပန်လုံ၊ နားဝီး၊ နမ့်တစ်တို့က ခရိုင်အတွင်းရေးမှူးကစလို့ တာဝန်ရှိတွေပါဝင်ပြီး ကိုးကန့်ကတော့ ကွမ်းလုံ၊ သိန္နီ နဲ့ လောက်ကိုင်တို့က ခရိုင်အဆင့်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

    တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့်ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ်တွေကို လုံးဝကူညီတော့မှာ မဟုတ်ဘူးလို့ “ဝ” တပ်က ၂၀၂၅ ခုနှစ် သြဂုတ်မှာ လူသိရှင်ကြားခေါ်ပြောခဲ့ပြီးနောက် တနှစ်နီးပါး အကြာမှ အခုလိုပြန်လည်တွေ့ဆုံလာတာဖြစ်ပါတယ်။ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP) တို့ကို “ဝ” မြို့တော် ပန်ဆန်းမှာခေါ်တွေ့ကာ မကူညီတော့ဘူးလို့ ပြောခဲ့တာပါ။

    အခုတော့ ကိုးကန့်နဲ့ ဝ ဒေသတွေကို အဓိကဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတား ပြန်လည် ပြုပြင်ဖို့လည်း နှစ်ကြိမ်တိတိဆွေးနွေးထားပြီလို့ ဝ ရဲ့ သတင်းမှာထည့်သွင်းဖော်ပြပါတယ်။

    တွေ့ဆုံမှုအသေးစိတ်နဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် “ဝ” တပ်ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ဦးညီရမ်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ညနေ ၃ နာရီခွဲအချိန်အထိ တစုံတရာ ပြန်လည် ဖြေကြားတာမရှိသေးပါဘူး။ ဒါအပြင် ကိုးကန့်တပ်ဘက်ကလည်း ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

  5. ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ မွေးနေ့လှုပ်ရှားမှုအဖြစ် စုပေါင်းတောင်းဆိုမယ်လို့ သား ကင်မ် ပြော

    လာမယ့် ဇွန် ၁၉ ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့လှုပ်ရှားမှုအနေနဲ့ အသက်ရှင်နေကြောင်း သက်သေပြဖို့အတွက် ကမ္ဘာလုံးဆိုင်ရာစုပေါင်းတောင်းဆိုပွဲ လုပ်မယ်လို့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ် က ပြောပါတယ်။

    “ခြေလှမ်း ၈၁,၀၀၀ လျှောက်လည်းရပါတယ်။ ၈၁ ကီလိုမီတာလည်းပြေးနိုင်ပါတယ်။ ၈၁ မိုင် စက်ဘီးစီးလည်းရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့ နည်းတခုခုနဲ့ ပါဝင်နိုင်ပါတယ်” လို့ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောပါတယ်။

    အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း လွတ်လွတ်လပ်လပ်အတည်ပြုထားတဲ့သက်သေမျိုးမတွေ့ရသေးဘူးလို့ သူကဆက်ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်တည်နေရာဟာ နေပြည်တော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တခုလည်း ဖြစ်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ''သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက်ကျခံဖို့ပြောင်းလဲလိုက်တယ်'' ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ညမှာ နေပြည်တော်က ကမ္ဘာတဝန်းကို အသံထုတ်ပြောဆိုခဲ့ပါတယ်။

    အဲဒီနောက် ထိုင်း၊ မလေးရှား နိုင်ငံတို့က အကြီးအကဲတွေနေပြည်တော်ရောက်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကျန်းကျန်းမာမာရှိနေတယ်ဆိုပြီး သတင်းစကားပေးခဲ့ပါတယ်။

    ဒါပေမဲ့ သားဖြစ်သူကတော့ မိခင်ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ကြောင်းဆက်တိုက် ထုတ်ပြောခဲ့ပြီး မိခင်ဖြစ်သူကိုပြန်လွှတ်ရေးအပြင် အခုတော့ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့ပါ နိုင်ငံတကာကတဆင့်တောင်းဆိုနေပါတယ်။

  6. ဦးမင်းအောင်လှိုင်ရဲ့ ဆရာဝန် သမ္မတရုံးကျန်းမာရေးဗျူရို အမှုဆောင်ချုပ်ဖြစ်လာ

    ဦးမင်းအောင်လှိုင် တပ်ချုပ်တာဝန်ယူတုန်းက သူ့ရဲ့ ဆေးမှူးလုပ်ခဲ့သူ ဗိုလ်ချုပ်ကိုကိုလွင် သမ္မတရုံး လူမှုရေးနဲ့ ကျန်းမာရေးဗျူရို အမှုဆောင်ချုပ်ဖြစ်လာပါတယ်။

    သူကဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ဆေးမှူးပါ လုပ်ဖူးပါတယ်။

    စစ်ခေါင်းဆောင်တွေရဲ့အတွင်းလူတွေဖြစ်တဲ့ စစ်ဗိုလ်ဆရာဝန်တွေဟာ တပ်ရာထူးက အနားယူချိန်မှာတောင် ဝန်ကြီးရာထူးတွေ ဆက်ရကြတာ အစဥ်အလာလိုဖြစ်လာနေပါတယ်။

    လက်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဦးစိုးဝင်းကလည်း ဦးမင်းအောင်လှိုင်ရဲ့ဆေးမှူးလုပ်ခဲ့ဖူးပါတယ်။

    ဦးသန်းရွှေရဲ့ဆရာဝန်ဗိုလ်ချုပ်သန်းအောင်ဆိုလည်းတပ်ကနားပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ဖူးပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနေရာကိုပါချီးမြှင့်လေ့ရှိကြပါတယ်။

    ကျန်းမာရေးဗျူရိုအမှုဆောင်ချုပ်ရာထူးက အရင်က သမ္မတရုံးမှာမရှိခဲ့ဖူးဘဲ ဝန်ကြီးဌာနတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    အာဏာသိမ်းအုပ်ချုပ်ရေးကာလနှောင်းပိုင်းမှာလည်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်တွေအဖြစ် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို ခန့်အပ်ခဲ့ဖူးပါတယ်။

  7. နော်ဝေကပေးတဲ့ Stefanus လူ့အခွင့်အရေးဆုကို မြန်မာကရရှိ

    လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အတွက် ထူးချွန်အောင်ဆောင်ရွက်နိုင်သူတွေကိုချီးမြှင့်တဲ့ Stefanus ရဲ့ ဒီနှစ်အတွက်ဆုကို မြန်မာက ဂျာဆန်အင် ရရှိပြီး မနေ့က နော်ဝေနိုင်ငံ၊ အော်စလိုမှာ ဆုပေးပွဲပြုလုပ်ခဲ့ပါတယ်။

    “ကျွန်မရဲ့ မျှော်လင့်ချက်တွေကို လက်မလျှော့သေးပါဘူး။ ကမ္ဘာကြီးက မြန်မာကို လာကယ်တင်မယ်လို့လည်း ကျွန်မမယုံတော့ဘူး။ စစ်အာဏာရှင်တွေထိန်းချုပ်လို့မရတဲ့ တရားမျှတတဲ့လူ့ဘောင်အဖွဲ့အစည်းကို မြန်မာမှာတည်ဆောက်ပြီးတော့ ကမ္ဘာကြီး နိုးကြားလာ အောင် ကိုယ်တိုင်လုပ်ရမယ်။ ကျွန်မတို့ရဲ့ ဖြစ်တည်မှုအပေါ်ခြိမ်းခြောက်ခံရမလားဆိုတဲ့ အကြောက်တရားတွေရပ်သွားတဲ့နေ့၊ အိပ်မက်တွေအကောင်အထည်ပေါ်မယ့်နေ့ကို ကျွန်မ စောင့်မျှော်နေပါတယ်” လို့ ဂျာဆန်အင် က ဆုပေးပွဲမှာပြောပါတယ်။

    ဆုရွေးချယ်ရေးကော်မတီအစား Bishop Ingeborg Midttømme က ဆုချီးမြှင့်ပေးခဲ့ပြီး “အနိုင်ကျင့်ခံရတဲ့ဖြစ်ရပ်တွေရဲ့ အထောက်အထားတွေကို စုဆောင်းပေးနိုင်ခဲ့သလို နိုင်ငံတကာ ဖိုရမ်တွေမှာလည်း မြေပြင်မှာဘာတွေဖြစ်နေလည်းဆိုတာ ပြောပြပေးနိုင်ခဲ့တယ်။ ဒီအခြေအနေရဲ့ အလယ်မှာ ပေါင်းကူးတံတားအဖြစ်ဆောင်ရွက်နိုင်ခဲ့တယ်” လို့ ထည့်ပြောခဲ့ပါတယ်။

    Stefanus နိုင်ငံတကာမဟာမိတ်အဖွဲ့ကနေ ၂၀၀၅ ခုနှစ်ကစလို့ နှစ်နှစ်တကြိမ် ဆုရွေးချယ် ချီးမြှင့်လေ့ရှိပြီး ဒါဟာ မြန်မာကနေ ဒုတိယအကြိမ်ရရှိတာလည်းဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် တုန်းက ချင်းတော်လှန်ရေးမှာပါဝင်တဲ့ ဗစ်တာ ဘိုက်ခ် လျန် က ဒီဆုကို ရရှိခဲ့ပါတယ်။

    ဂျာဆန်အင်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေကို တက်ရောက်ပြီး မြန်မာမှာကြုံတွေ့ရတဲ့လူ့အခွင့်အရေးချိုး‌ဖောက်ခံရမှုတွေအကြောင်း ထုတ်ဖော်ပြောကြားတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ဒါအပြင် Politics for Women Myanmar အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်မှာထုတ်ဝေတဲ့ “ခေတ်သမိုင်းကို ပုံဖော်နေသော အမျိုးသမီးများ” ဆိုတဲ့ စာအုပ်မှာလည်း ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။

  8. NUG ကွပ်ကဲမှုအောက်ကသွားဖို့ SRF နဲ့သဘောတူညီချက်ရ

    ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က ပြစ်မှုမကျူးလွန်ထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်မှာရှိပြီး ပြည်သူ့ကာကွယ်ရေး (ပကဖ) တပ်ဖွဲ့ဝင်တွေအဖြစ်ဆက်လှုပ်ရှားဖို့ မနေ့တုန်းက သဘောတူညီချက်ရခဲ့တယ်လို့ PDF စစ်ရုံးချုပ် ရင်းမြစ်ဆီကသိရပါတယ်။

    ဒီအချက်အပြင် ပြစ်မှုနဲ့မပတ်သက်တဲ့ SRF တပ်ဖွဲ့ဝင်တွေကိုပြန်လွှတ်ဖို့၊ ပြစ်မှုကျူးလွန်တယ်လို့ တိုင်တန်းခံရသူတွေကို NUG ရဲ့ တရားဥပဒေဆောင်ရွက်မှုအတိုင်းဖြေရှင်းဖို့အပြင် ပဋိပက္ခ ပိုကြီးအောင်လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ထုတ်ပြန်စာထုတ်ဖို့ဆိုတဲ့ အချက် ၄ ချက် သဘောတူညီချက်ရခဲ့တာပါ။

    “ကွပ်ကဲမှုအောက်ကသွားဖို့ သဘောတူညီချက်ရတာဖြစ်တယ်။ စုဖွဲ့လေ့ကျင့်တပ်ဆင်မှုတွေပြီးမှ ကွပ်ကဲမှုအပြည့်အဝရောက်ပြီး ပြီးစီးမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်၊ ပကဖ စစ်ဘက်ရေးရာဌာနတာဝန်ခံ ကိုသြဇာက ပြောပါတယ်။

    အခုလိုလူသိရှင်ကြားပဋိပက္ခမဖြစ်ခင်တည်းက SRF ကို ခရိုင်တပ်ရင်း ဒါမှမဟုတ် ပကဖ ကွပ်ကဲမှု အောက်မှာရှိတဲ့ ပကဖ တိုင်းတိုက်ခိုက်ရေးအထူးလှုပ်ရှားတပ်ရင်းအဖြစ် စုဖွဲ့ဖို့ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ပြစ်မှုကျူးလွန်တဲ့ SRF တပ်ဖွဲ့ဝင်ဘယ်နဦးရှိလဲ၊ SRF ဥက္ကဋ္ဌ ဘယ်မှာရှိနေလဲလို့ ဘီဘီစီရဲ့ မေးမြန်းချက်ကိုတော့ပြန်လည်ဖြေကြားတာမရှိပါဘူး။ ဖမ်းဆီးထားတာမဟုတ်ဘူးလို့သာ ငြင်းဆိုပြီး နွေးနွေးထွေးထွေးဆွေးနွေးကာ သဘောတူညီချက် ရတယ်လို့ ကိုသြဇာက ဆက်ပြောပါတယ်။

    SRF ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ် မင်းကင်းမြို့နယ်ထဲမှာ ပြည်သူတွေကို ဖမ်းဆီးတာ၊ ကိုယ်ပိုင် တရားစီရင်ရေးတွေနဲ့ တရားစီရင်တာ၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်မှုထမ်းခိုင်းတာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေကြောင့် တိုင်ကြားမှုပေါင်း ၈ ခုကျော် ရှိထားတယ်လို့ မင်းကင်း ပကဖ ဘက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ မေ ၂၆ ရက်မှာစဖြစ်ခဲ့ပြီး တိုင်းတာဝန်ခံ၊ ဒူချွန်၊ ဒူဝါတို့ရဲ့ လုံခြုံရေးအာမခံချက်ကြောင့် မင်းကင်းမြို့နယ် ပကဖတွေနဲ့ တွေ့ဆုံဖို့အတွက် SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူတွေနဲ့အတူ အလည်ရွာကို သွားရောက်ခဲ့တယ်လို့ SRF က ထုတ်ပြန်ခဲ့ပါတယ်။ တွေ့ဆုံဖို့သွားတဲ့လမ်းမှာတင် မင်းကင်း ပအဖ၊ ပကဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးသွားတာလို့ SRF ရဲ့ မေ ၂၆ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဒါအပြင် SRF ရဲ့ စစ်ရေးနယ်မြေ ဒေသ ၄ မှာရှိတဲ့ ပွိုင့်ကုန်းကို မင်းကင်းပကဖက စီးနင်းပြီး တပ်ဖွဲ့ဝင် ၉ ဦးကို ထပ်မံဖမ်းဆီးခဲ့တာကြောင့် ဥက္ကဋ္ဌ အပါအဝင် ၁၆ ဦးဖမ်းဆီးခံရတဲ့ အခြေအနေပါ။

    SRF တပ်ဖွဲ့ဝင်တဦးကတော့ “လောလောဆယ်မှာတော့ တရာဝင်ဆက်သွယ်လာတာမရှိသေးသလို ဆွေးနွေးမှုသွားတဲ့ ကျွန်တော်တိုရဲ့ တာဝန်ရှိသူကနေ ဆက်သွယ်လာတာမရှိသေးတဲ့အတွက် အခြေအနေကို ပြောမရသေးပါဘူး” လို့ ဒီနေ့ မနက်ပိုင်းမှာ တုံ့ပြန်ပြောပါတယ်။

    ဒီနေ့ မနက် ၁၀ နာရီခွဲမှာတော့ မင်းကင်း ပအဖ နဲ့ SRF တို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်ဆိုပြီး သဘောတူညီချက်တွေအကြောင်း ထုတ်ပြန်လာပါတယ်။

  9. ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ကဏ္ဍစုံပူးပေါင်းရေးဆွေးနွေးမယ်

    ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဖိတ်ကြားချက်ကြောင့် အိန္ဒိယကိုသွားမယ့် ဦးမင်းအောင်လှိုင်ဟာ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာတွေအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း အိန္ဒိယဟာ နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အသွင်ပြောင်းအစိုးရဖြစ်လာကာ ဦးမင်းအောင်လှိုင်ကသမ္မတရာထူးရယူပြီးချိန်မှာတော့ နိုင်ငံတော်အဆင့် တွေ့ဆုံဖို့ပါ အိန္ဒိယကခြေလှမ်းလာတာဖြစ်ပါတယ်။

    ဇွန် ၁ ရက်မှာတော့ ဝန်ကြီးချုပ် မိုဒီနဲ့ ဦးမင်းအောင်လှိုင်‌တို့ နယူးဒေလီမြို့မှာတွေ့ဆုံဖို့ရှိတဲ့ အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ လေးရက်တာကြာမြင့်မယ့်ခရီးစဉ်အတွင်း အိန္ဒိယဦးဆောင်တဲ့ နိုင်ငံတကာကြောင်ကြီးမျိုးစိတ်များ မဟာမိတ်အဖွဲ့ (IBCA) ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း ဦးမင်းအောင်လှိုင်တက်ဖို့ရှိကြောင်း အိန္ဒိယကထည့်သွင်းပြောထားတာပါ။

    ဒါဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပထမ၊ အရှေ့မျှော်ဝါဒနဲ့ မဟာဆာဂါ (MAHASAGAR) မူဝါဒအတိုင်း မြန်မာကိုထိတွေ့ဆက်ဆံတာလို့ အိန္ဒိယက ပြောပြီး ဒီခရီးစဉ်ကနေ နှစ်နိုင်ငံကြားကဏ္ဍစုံ ပူးပေါင်းမှုပိုမြှင့်မယ်လို့လည်း ဆိုပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ မေ ၃၀ ရက်မှာ ဗုဒ္ဓဂါယာကိုသွားလည်မှာဖြစ်ကာ ဇွန် ၂ ရက်မှာတော့ မွန်ဘိုင်းက စီးပွားရေးလုပ်ငန်းခွင်တွေကိုသွားရောက်ဖို့ရှိနေပါတယ်။

    အာရှရဲ့ ဒီမိုကရေစီဝါရင့်နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက ဦးမင်းအောင်လှိုင်ကိုဖိတ်ကြားတဲ့အပေါ် မြန်မာရော အိန္ဒိယက တက်ကြွလှုပ်ရှားသူတွေကြား ဝေဖန်မှုတွေရှိနေပါတယ်။ ဒါအပြင် ဒေလီရောက် မြန်မာတွေကလည်း ဒီခရီးစဉ်ကိုလက်မခံနိုင်လို့ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မယ်လို့ ထုတ်ပြောထားကြပါတယ်။

  10. မင်္ဂလာပါ။ မေ ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။