ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာနဲ့ဆက်ဆံရေးပြန်တည်ဆောက်ဖို့ အာဆီယံက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတဆင့်တွေ့မယ်

လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ ပြောနေကြတဲ့သတင်းအပါအဝင် မေ ၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းမှာ မိုင်းမိ၊ လက်နက်ကြီးထိသူအရေအတွက်များလာ
  • အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သမ္မတအဖြစ်တာဝန်ယူနေတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်ခွင့်မရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကချင်၊ ဖားကန့်ကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို ဒီနေ့ မေ ၈ ရက် မနက်ပိုင်းမှာပဲ စစ်တပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တချို့ဆီကရော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကနေပါ သိရပါတယ်။

    ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲက မလောင်ရွာမှာရှိတဲ့ ကျောက်လုပ်ကွက်ထဲကို မနက် ၁၁ နာရီခွဲခန့်အချိန်မှာ လေကြောင်းနဲ့ဗုံးကြဲခဲ့သလို မှော်စီစာရွာက ဆင်ဖြူတော်ဆီဆိုင်အနီးကိုလည်း မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကပဲ ဗုံးကြဲခဲ့ပါတယ်။

    မှော်စီစာရွာလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေရပ်ကွက်ထဲက နေအိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    “၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်ပါတယ်။ လုံးခင်းဆေးရုံးကုန်းနေရာကို စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်စစ်ကြောင်းကို KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါပြီးတော့ နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်တယ်၊ ဒရုန်းနဲ့လည်း အပြန်အလှန်ပစ်ကြပါတယ်။ ဒီနေ့မနက်ပိုင်းတော့ ဖားကန့်က တိုက်ပွဲငြိမ်နေတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

    KIA ရဲ့ အပြောအရ ကချင်ပြည်နယ်ထဲက ဖားကန့်၊ ဝိုင်းမော် နဲ့ ဗန်းမော်စစ်မျက်နှာပြင်တွေကို စစ်တပ်က စစ်ကြောင်းတွေထိုးနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ဒါအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ KIAသိမ်းပိုက်ခဲ့တဲ့ ကသာ၊ နဘား၊ အင်းတော်၊မော်လူးနေရာတွေကို ပြန်လည်ရယူခဲ့တဲ့ မြန်မာစစ်တပ်စစ်ကြောင်းကလည်း စုဖွဲ့မှုတွေလုပ်နေတဲ့အခြေအနေပါ။

    “မော်လူးမှာသူတို့တန့်နေတယ်။ မော်လူး၊ မော်ဟန်ဘက်ကနေ နန့်စီးအောင်ဘက် ဦးတည်လာမလား စောင့်ကြည့်နေဆဲပါ” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    စစ်တပ်ကတော့ ကချင်ဘက်က စစ်ရေးနဲ့ပတ်သက်လို့ တစုံတရာထုတ်မပြောဘဲ စစ်ကိုင်းတိုင်း အထက်ပိုင်းက နယ်မြေတွေပြန်လည်ရရှိတာနဲ့ပတ်သက်ပြီး ဆက်တိုက်သတင်းထုတ်ပြန်နေပါတယ်။

    မြစ်ကြီးနား - မန္တလေးလမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ပြီလို့ မနေ့ မေ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာ အကျယ်တဝင့်သတင်း ဖော်ပြခဲ့ပါတယ်။

  2. မင်းပြားနဲ့ ကျောက်တော်ကို စစ်တပ်လေကြောင်းဗုံးကြဲ

    အာရက္ခတပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ ကျောက်တော်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မနေ့ မေ ၇ ရက် တရက်တည်းမှာပဲ ဆက်တိုက်လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တချို့ဆီက သိရပါတယ်။

    မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာအနီးကို မနေ့နေ့လယ် ၂ နာရီခွဲခန့်မှာ လေယာဉ် ၈ စီးအထိ သုံးပြီး ဗုံးကြဲခဲ့သလို မနေ့ည ၁၁ နာရီဝန်းကျင်မှာလည်း ကျောက်တော်မြို့နယ်ထဲကို စစ်တပ်က ဗုံးကြဲခဲ့တယ်လို့ အေအေသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ကျောက်တော်ကို ညဘက်ကြဲသွားတာ၊ ထိခိုက်မှုတွေမသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

    စစ်တပ်ဟာ ဘူးသီးတောင် - ကျောက်တော်အစပ်မှာရှိတဲ့ တောင်တန်းတွေပေါ်ကို ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာလို့ ရခိုင်အခြေစိုက်သတင်းတွေမှာလည်း ဖော်ပြပါတယ်။

    အခုမေလဆန်းထဲ အေအေနဲ့ စစ်တပ်ကြား ပဲခူးတိုင်း၊ ပန်းတောင်းစစ်မျက်နှာပြင်မှာ စစ်ရေးတင်းမာနေပြီး ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးမှာရှိတဲ့ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ်တချို့ ဆီက သိရပါတယ်။ မေ ၅ ရက်နေ့တုန်းကလည်း ကပစ ၆ ကို အင်အားဖြည့်မယ့် စစ်တပ်ရဲ့ ကား ၂၃ စီးပါတဲ့ ယာဉ်တန်းကို အေအေနဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

    အစိုးရသစ်အဖြစ်အသွင်ပြောင်းလာတဲ့ စစ်တပ်ဟာ ဧပြီနဲ့ မေလဆန်းထဲမှာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာပြီး ဗုံးကြဲတိုက်ခိုက်မှုတကြိမ်ပြုလုပ်တိုင်း လေယာဉ် အနည်းဆုံး ၃ စီးကို အသုံးပြုနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

    မြန်မာ့အမျိုးသမီသမဂ္ဂရဲ့ ဒီနေ့နောက်ဆုံးထုတ်အချက်အလက်အရ ဧပြီတလအတွင်း လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းအမျိုသမီး ၄၄ ဦးသေဆုံးခဲ့ပြီး မန္တလေး တိုင်းထဲအများဆုံးဖြစ်ကာ ရခိုင်မှာ ၄ ဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။

  3. အီရန်နဲ့ တိုက်ခိုက်မှုတွေရှိပေမယ့် အပစ်ရပ်သဘောတူမှု မပျက်သေးဘူးလို့ ထရမ့်ပြော

    ကြာသပတေးနေ့ညပိုင်းမှာ အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဆက်လက်အသက်ဝင်နေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

    ဒါပေမဲ့ တကျော့ပြန်ဖြစ်လာတဲ့အခုတိုက်ခိုက်မှုတွေကို ဘယ်ဘက်က စတင်ခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အီရန်ရဲ့ ထိပ်ပိုင်းစစ်ဘက်ခေါင်းဆောင်တွေကတော့ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားအနီးမှာ အီရန်ရဲ့ ရေနံတင်သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘောတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို အီရန်တောင်ပိုင်း ကမ်းရိုးတန်းဒေသတချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    အဲဒီအတောအတွင်း အမေရိကန်ဘက်ကတော့ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ အမေရိကန်ရေတပ် ဒုံးကျည်လမ်းညွှန်စနစ်တပ် စစ်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် "ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ တန်ပြန်တိုက်ခိုက်မှု" တွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

    သမ္မတထရမ့်ကတော့ "အီရန်က ကျွန်တော်တို့ကို အကဲစမ်းခဲ့တယ်" လို့ ပြောဆိုပါတယ်။

    စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က စဉ်းစားနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပြီး တစ်ရက်အကြာမှာ ဒီတိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတဲ့အကြောင်း ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ခြမ်းက ကျေးရွာတွေကို လေကြောင်းဗုံးကြဲ

    ပဲခူးတိုင်း၊ ဖြူးနဲ့ ထန်းတပင်မြို့အပိုင်မှာရှိတဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းက သစ်ချောက်ခင်၊ ရှားပင်ရှောင်နဲ့ ဘွားအေစုရွာတို့ကို မနေ့ မေ ၇ ရက်နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ အရင်းအမြစ်တချို့ဆီကသိရပါတယ်။

    ဗုံးကြဲတာကြောင့် ထန်းတပင်မြို့နယ်၊ ဘွားအေစုရွာက အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ ၄ ဦးအထိရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြပါတယ်။

    ဒါအပြင် ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာကို လက်နက်ကြီးကျရောက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးလည်း ခြေထောက်တဖက်ပြတ်ခဲ့ပြီး တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

    “အခုလထဲ လက်နက်ကြီးထိတာ၊ မိုင်းမိလို့ ကိုယ်လက်အင်္ဂါပျက်စီးသူတွေ မြို့ပေါ် ဆေးရုံကြီးဆီ ရောက်လာတာတော်တော်များတယ်။ မိုင်းမိတဲ့သူတွေပဲ ၅ ဦးလောက်ရှိတယ်” လို့ လူမှုကူညီရေး လုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

    ဒီလိုထိခိုက်ဒဏ်ရာရသူအများစုဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (မုန်းမြို့နယ်) နဲ့ စစ်တောင်းမြစ်ဝှမ်းအရှေ့ ခြမ်း ကျေးရွာနေပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

    စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းဟာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ရဲ့ စိုးမိုးနယ်မြေတွေရှိနေပြီး မြေပြင်စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ သိရှိနိုင်ဖို့အတွက် ကြိုးစားနေဆဲပါ။

    မေ ၄ ရက်နေ့တုန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုင်လတ်၊ ကာကွယ်ရေး ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနကို သွားခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ရေးထုတ်ပြန်ချက်အရလည်း ပြီးခဲ့တဲ့ ဧပြီလထဲ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက မြန်မာစစ်တပ်ရဲ့ လက်ယက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနအောက်က တပ်ရင်းတွေပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

  5. တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက် ခြစားမှုနဲ့ သေဒဏ်ချ

    တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက်ကို ခြစားမှုနဲ့ စစ်ခုံရုံးက ၂ နှစ် ဆိုင်းငံ့နဲ့ သေဒဏ် ချမှတ်လိုက်ကြောင်း တရုတ်အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။ ဝေဖန်းဟာနဲ့ လီရှန်ဖူး တို့ကို ဆိုးဆိုးရွားရွား စည်းကမ်း ချိုးဖောက်မှုနဲ့ ၂၀၂၄ မှာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီထဲက ထုတ်ပယ်ခဲ့ပါတယ်။

    ဒီစည်းကမ်း ချိုးဖောက်မှု ဆိုတာကလည်း ခြစားမှုကို တင်စားသုံးနှုန်းလေ့ရှိတဲ့ စကား ဖြစ်ပါတယ်။ ဆိုင်းငံ့ကာလ ၂ နှစ်အတွင်း နောက်ထပ် ပြစ်မှု မကျူးလွန်ခဲ့ရင် ထိပ်တန်း အရာရှိကြီး နှစ်ဦးရဲ့ သေဒဏ်ကို တသက်တကျွန်းဒဏ်ထိ လျှော့ပေါ့ပေးနိုင်ကြောင်း တရုတ် အစိုးရရဲ့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

    ပြစ်ဒဏ်လျှော့ပေါ့ဖို့နဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

    နှစ်ဦးစလုံး လာဘ်စားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူတို့ပိုင်ဆိုင်မှု အားလုံးကို အစိုးရက သိမ်းယူခဲ့တဲ့အကြောင်း ဒီလင့်ခ်ကို နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  6. အာဆီယံက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတဆင့်တွေ့မယ်

    ငါးနှစ်ကြာအာဆီယံနဲ့ဆက်ဆံရေးပြတ်တောက်နေတဲ့ မြန်မာနဲ့ပြန်လည်ဆက်ဆံရေးတည်ဆောက်ဖို့ အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းက တဆင့်ဆက်သွယ်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား သဘောတူညီခဲ့ကြတယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ကောင်းကင်မ်ဟွန်းက ပြောပါတယ်။

    “ဒီနေ့အစည်းအဝေးမှာဆိုရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနဲ့ဆက်သွယ်ဆောင်ရွက် ချင်တယ်ဆိုတာ သိပ်ပေါ်လွင်နေပါတယ်။ မြန်မာက နိုင်ငံခြားဝန်ကြီးနဲ့ မကြာခင်မှာ အွန်လိုင်း အစည်းအဝေးတခုလုပ်ပါမယ်” လို့ မစ္စတာ ကောင်းကင်မ်ဟွန်းက ပြောပါတယ်။

    လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ နိုင်ငံတကာသတင်းတွေမှာပါထောက်ပြလာနေပါတယ်။ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ တီမောတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ကိုင်စွဲလိုပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က ပြန်လည်ထိတွေ့ဆက်ဆံဖို့ လိုလားနေတာဆိုပြီး စင်ကာပူအခြေစိုက် The Straits Times သတင်းကဖော်ပြပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလ မနေ့ မေ ၇ ရက်တွေ့ဆုံမှုအပြီး မစ္စတာ ကောင်းကင်မ်ဟွန်းက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ အခုလိုမြန်မာနဲ့ ဆက်ဆံရေးပြန်တည်ဆောက်မယ့်အကြောင်းဖြေကြားခဲ့တာပါ။

    အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သမ္မတအဖြစ်တာဝန်ယူနေတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလို စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း အာဆီယံက အသိအမှတ်မပြုထားပါဘူး။

    အခုလုပ်နေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်နေပါတယ်။

    ဦးမင်းအောင်လှိုင်အစိုးရသစ်တက်ပြီးနောက် နေပြည်တော်ကိုအစောဆုံးရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ် ဖုန်ကတ်ကရောင်းက မြန်မာနဲ့ အာဆီယံ ဆက်ဆံရေးပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် အကြံဉာဏ်တွေတင်ပြသွားဖို့ ရှိတယ်လို့ အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြောခဲ့ဖူးပါတယ်။

  7. မင်္ဂလာပါ။ မေလ ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။