တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာနဲ့ဆက်ဆံရေးပြန်တည်ဆောက်ဖို့ အာဆီယံက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတဆင့်တွေ့မယ်

လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ ပြောနေကြတဲ့သတင်းအပါအဝင် မေ ၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သမ္မတအဖြစ်တာဝန်ယူနေတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်ခွင့်မရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ခြမ်းက ကျေးရွာတွေကို လေကြောင်းဗုံးကြဲ

    ထန်းတပင်မြို့နယ်၊ ဘွားအေစုရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Daw Cho Cho/ Facebook

    ဓာတ်ပုံ ပုံစာ, ထန်းတပင်မြို့နယ်၊ ဘွားအေစုရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    ပဲခူးတိုင်း၊ ဖြူးနဲ့ ထန်းတပင်မြို့အပိုင်မှာရှိတဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းက သစ်ချောက်ခင်၊ ရှားပင်ရှောင်နဲ့ ဘွားအေစုရွာတို့ကို မနေ့ မေ ၇ ရက်နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ အရင်းအမြစ်တချို့ဆီကသိရပါတယ်။

    ဗုံးကြဲတာကြောင့် ထန်းတပင်မြို့နယ်၊ ဘွားအေစုရွာက အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ ၄ ဦးအထိရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြပါတယ်။

    ဒါအပြင် ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာကို လက်နက်ကြီးကျရောက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးလည်း ခြေထောက်တဖက်ပြတ်ခဲ့ပြီး တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

    “အခုလထဲ လက်နက်ကြီးထိတာ၊ မိုင်းမိလို့ ကိုယ်လက်အင်္ဂါပျက်စီးသူတွေ မြို့ပေါ် ဆေးရုံကြီးဆီ ရောက်လာတာတော်တော်များတယ်။ မိုင်းမိတဲ့သူတွေပဲ ၅ ဦးလောက်ရှိတယ်” လို့ လူမှုကူညီရေး လုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

    ဒီလိုထိခိုက်ဒဏ်ရာရသူအများစုဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (မုန်းမြို့နယ်) နဲ့ စစ်တောင်းမြစ်ဝှမ်းအရှေ့ ခြမ်း ကျေးရွာနေပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

    စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းဟာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ရဲ့ စိုးမိုးနယ်မြေတွေရှိနေပြီး မြေပြင်စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ သိရှိနိုင်ဖို့အတွက် ကြိုးစားနေဆဲပါ။

    မေ ၄ ရက်နေ့တုန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုင်လတ်၊ ကာကွယ်ရေး ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနကို သွားခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ရေးထုတ်ပြန်ချက်အရလည်း ပြီးခဲ့တဲ့ ဧပြီလထဲ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက မြန်မာစစ်တပ်ရဲ့ လက်ယက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနအောက်က တပ်ရင်းတွေပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

  2. တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက် ခြစားမှုနဲ့ သေဒဏ်ချ

    ၂၀၂၃ မတ်က အောက်တိုဘာထိ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ လီရှန်ဖူး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၃ မတ်က အောက်တိုဘာထိ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ လီရှန်ဖူး

    တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ယောက်ကို ခြစားမှုနဲ့ စစ်ခုံရုံးက ၂ နှစ် ဆိုင်းငံ့နဲ့ သေဒဏ် ချမှတ်လိုက်ကြောင်း တရုတ်အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။ ဝေဖန်းဟာနဲ့ လီရှန်ဖူး တို့ကို ဆိုးဆိုးရွားရွား စည်းကမ်း ချိုးဖောက်မှုနဲ့ ၂၀၂၄ မှာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီထဲက ထုတ်ပယ်ခဲ့ပါတယ်။

    ဒီစည်းကမ်း ချိုးဖောက်မှု ဆိုတာကလည်း ခြစားမှုကို တင်စားသုံးနှုန်းလေ့ရှိတဲ့ စကား ဖြစ်ပါတယ်။ ဆိုင်းငံ့ကာလ ၂ နှစ်အတွင်း နောက်ထပ် ပြစ်မှု မကျူးလွန်ခဲ့ရင် ထိပ်တန်း အရာရှိကြီး နှစ်ဦးရဲ့ သေဒဏ်ကို တသက်တကျွန်းဒဏ်ထိ လျှော့ပေါ့ပေးနိုင်ကြောင်း တရုတ် အစိုးရရဲ့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

    ပြစ်ဒဏ်လျှော့ပေါ့ဖို့နဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

    နှစ်ဦးစလုံး လာဘ်စားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူတို့ပိုင်ဆိုင်မှု အားလုံးကို အစိုးရက သိမ်းယူခဲ့တဲ့အကြောင်း ဒီလင့်ခ်ကို နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  3. အာဆီယံက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတဆင့်တွေ့မယ်

    အာဆီယံထိပ်သီးအစည်းအဝေးကိုတက်နေတဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း (ဘယ်)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံထိပ်သီးအစည်းအဝေးကိုတက်နေတဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း (ဘယ်)

    ငါးနှစ်ကြာအာဆီယံနဲ့ဆက်ဆံရေးပြတ်တောက်နေတဲ့ မြန်မာနဲ့ပြန်လည်ဆက်ဆံရေးတည်ဆောက်ဖို့ အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းက တဆင့်ဆက်သွယ်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား သဘောတူညီခဲ့ကြတယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ကောင်းကင်မ်ဟွန်းက ပြောပါတယ်။

    “ဒီနေ့အစည်းအဝေးမှာဆိုရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနဲ့ဆက်သွယ်ဆောင်ရွက် ချင်တယ်ဆိုတာ သိပ်ပေါ်လွင်နေပါတယ်။ မြန်မာက နိုင်ငံခြားဝန်ကြီးနဲ့ မကြာခင်မှာ အွန်လိုင်း အစည်းအဝေးတခုလုပ်ပါမယ်” လို့ မစ္စတာ ကောင်းကင်မ်ဟွန်းက ပြောပါတယ်။

    လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ နိုင်ငံတကာသတင်းတွေမှာပါထောက်ပြလာနေပါတယ်။ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ တီမောတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ကိုင်စွဲလိုပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က ပြန်လည်ထိတွေ့ဆက်ဆံဖို့ လိုလားနေတာဆိုပြီး စင်ကာပူအခြေစိုက် The Straits Times သတင်းကဖော်ပြပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကာလ မနေ့ မေ ၇ ရက်တွေ့ဆုံမှုအပြီး မစ္စတာ ကောင်းကင်မ်ဟွန်းက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ အခုလိုမြန်မာနဲ့ ဆက်ဆံရေးပြန်တည်ဆောက်မယ့်အကြောင်းဖြေကြားခဲ့တာပါ။

    အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သမ္မတအဖြစ်တာဝန်ယူနေတဲ့ ဦးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလို စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း အာဆီယံက အသိအမှတ်မပြုထားပါဘူး။

    အခုလုပ်နေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်နေပါတယ်။

    ဦးမင်းအောင်လှိုင်အစိုးရသစ်တက်ပြီးနောက် နေပြည်တော်ကိုအစောဆုံးရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ် ဖုန်ကတ်ကရောင်းက မြန်မာနဲ့ အာဆီယံ ဆက်ဆံရေးပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် အကြံဉာဏ်တွေတင်ပြသွားဖို့ ရှိတယ်လို့ အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြောခဲ့ဖူးပါတယ်။

  4. မင်္ဂလာပါ။ မေလ ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။