ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်-စစ်ကိုင်းအစပ်ဒေသတွေကို စစ်တပ်နဲ့ ကေအိုင်အေ လွန်ဆွဲမှု
ကချင်နဲ့ စစ်ကိုင်းအစပ် မန္တလေး-မြစ်ကြီးနားကားလမ်းတလျှောက်မှာ စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားဘက်က ဆင်းလာတဲ့ကားတွေက မိုးညှင်းမြို့နယ် နန်းစီးအောင်ဂိတ်မှာ ရပ်တန့်နေကြရပြီး၊ မန္တလေးဘက်က တက်လာတဲ့ကားတွေကတော့ ကသာမြို့နား နဘားရွာတဝိုက်မှာ ပိတ်မိနေပါတယ်။
စစ်တပ်က မန္တလေး-မြစ်ကြီးနား လမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ရေး တစ်နှစ်နီးပါးစစ်ဆင်ရေးလုပ်ကာ မေလဆန်းမှာ လမ်းပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကသာခရိုင်ထဲမှာတော့ မေလ တတိယပတ်ကစပြီး နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ဟာ ဒီလမ်းကို အသုံးပြုပြီး ကချင်ပြည်နယ်ထဲ လူအင်အားနဲ့ ရိက္ခာတွေ ပို့နိုင်တာကြောင့် စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်နေတယ်လို့ ပြောပါတယ်။
ကချင်နဲ့ စစ်ကိုင်းအစပ်က နယ်မြေလွန်ဆွဲတဲ့ တိုက်ပွဲတွေ
ဧရာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းက မန္တလေး- မြစ်ကြီးနား ကားလမ်းကို စစ်တပ်က ပြန်စိုးမိုးပြီးနောက် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်ထဲက ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့နယ်တွေကို စစ်တပ်က ဒီနှစ် အစောပိုင်းမှာပဲ ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့လူအင်အား၊ လက်နက်အင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပူးပေါင်းအဖွဲ့တွေဟာ မြို့တွေကနေ နောက်ဆုတ်ခဲ့ရပါတယ်။
KIA နဲ့တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဟာ စစ်တပ်ကို ပြောက်ကြားစနစ်နဲ့ ဆက်တိုက်တာရှိသလို မေလ တတိယအပတ်မှာ စစ်စခန်းတချို့ကို ပြန်သိမ်းတာတွေ့ရပါတယ်။
စခန်းအချို့ကို ပြန်သိမ်းထားတဲ့အကြောင်း KIA ပြန်ကြားရေးဘက်ကလည်း ဘီဘီစီကို အစောပိုင်းကတည်းက အတည်ပြုပါတယ်။
စစ်ကိုင်းတိုင်းအစပ် ကသာခရိုင်ထဲက မော်လူးနဲ့ ကချင်ပြည်နယ်ထဲက မိုးညှင်းမြို့နယ်၊ နန်းစီးအောင်ရွာကြားက စီပိန်းရွာမှာ တပ်စွဲနေတဲ့ စစ်တပ်နေရာကို တိုက်ခိုက်ပြီး မေ ၂၁ ရက်မှာ ပြန်သိမ်းပိုက်နိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်လာပါတယ်။
စစ်တပ်ဆီကနေ ရရှိတဲ့လက်နက်တွေကိုလည်း တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ရုပ်သံမှာ တွေ့ရပါတယ်။
ကသာနဲ့ နဘားမြို့ကြားက ပင်းမလွတ်ရွာမှာလည်း စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်တွေလည်း ရရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အဲဒီကနေတဆင့် စစ်တပ် တပ်စွဲထားတဲ့ မော်လူးမြို့ပေါ်ကျေးရွာ ညောင်ပင်သာကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ကြတာလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်တပ်ဘက်ကလည်း ဒရုန်းနဲ့ဗုံးကြဲတာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေမှာ လေကြောင်းဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးသူ ၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိတာကြောင့် မော်လူးမြို့ထဲက ပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
မော်လူးမြို့ရှိတဲ့ အင်းတော်မြို့နယ်နဲ့ကပ်လျက် ခရိုင်မြို့ ကသာမှာလည်း စစ်တပ်ရဲ့အုပ်ချုပ်မှုယန္တရား ပြန်လည်ပတ်ဖို့ဆိုပြီး မေ ၁၀ ရက်မှာ ဝန်ထမ်းတွေကို ကြိုဆိုပွဲ လုပ်ခဲ့ကြပါသေးတယ်။
ဒါပေမဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့ဆက်စပ်ကျေးရွာတွေက လွဲပြီး ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေဆက်ရှိနေပါတယ်။ မေ ၂၃ ရက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ်အပါအဝင် စစ်ရှောင် ၃ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကသာ၊ မော်လူးအပါအဝင် ကသာခရိုင်ထဲမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ထီးချိုင့်၊ ကသာ၊ အင်းတော်-နဘား၊ မော်လူး၊ နန့်စီးအောင်လမ်းပိုင်းတွေကို အသုံးပြုသွားလာတာတွေကိုလည်း ရပ်တန့်ဖို့ ကသာခရိုင်ကွပ်ကဲရေးက မေ ၂၄ မှာ ထုတ်ပြန်လာပါတယ်။
အဲဒီနေရာတွေကလည်း မန္တလေး-မြစ်ကြီးနားလမ်းမှာ ရှိနေတာပါ။
"စစ်တပ်က ကချင်ပြည်နယ်ထဲကို ဝင်လို့ရမယ့်နေရာတွေကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာ၊ မန္တလေး- မြစ်ကြီးနားလမ်းကလည်း စစ်တပ်အတွက် အရေးပါတယ်။ KIA အတွက်ကလည်း စစ်ရေးလှုပ်ရှားသွားလာဖို့ အရေးကြီးတဲ့လမ်းဖြစ်တယ်"လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို မေ ၂၅ ရက်မှာ ပြောပါတယ်။
ပိတ်မိနေတဲ့ ကားတွေနဲ့အဆက်အသွယ်ပြတ်
ကချင်နဲ့ စစ်ကိုင်းအစပ် တိုက်ပွဲတွေကြောင့် ရှေ့ဆက်သွားမရတဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးကနေ အထက်ပိုင်း ကချင်ပြည်နယ်အထိ ချိတ်ဆက်ထားတဲ့ အဓိကလမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလမ်းဟာ ကချင်ပြည်နယ်ကထွက်တဲ့ သစ်၊ သတ္တု၊ စိုက်ပျိုးရေးထုတ်ကုန်နဲ့ မန္တလေးကနေ စားစရာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ စီးဆင်းမှုအတွက် အရေးပါတဲ့ လမ်းမကြီးပါ။
ဒါကြောင့် စီးပွားရေး၊ ဒေသဆက်သွယ်ရေးတွေအပြင် စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ကူးလူးဆက်သွယ်ရာလမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဒီလမ်းမှာ စစ်တပ်နဲ့ KIA/PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ရာချီတဲ့ကားတွေ ပိတ်မိနေတာ ၅ ရက်ရှိလာပြီး ယာဉ်မောင်းတွေနဲ့အဆက်အသွယ် လုံးဝမရသေးဘူးလို့ မြစ်ကြီးနားမြို့က ခရီးသည်တင်ယာဉ် ဂိတ်မှူးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အခုလို လမ်းခုလတ်မှာ ပိတ်မိတာတွေ အရင်ကလည်း ကြုံခဲ့ဖူးတာကြောင့် ခရီးထွက်မယ့် ကားတွေပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် ဆန်၊ ဆီ၊ ဆား၊ ချက်စရာအိုး၊ ခွက်နဲ့ အိပ်ရာတွေကအစ ပြင်ဆင်သွားကြရတယ်လို့ မြစ်ကြီးနား-မန္တလေး လမ်းကို မောင်းခဲ့ဖူးတဲ့ ယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။
လမ်းပိတ်ရင် ရှောင်ကွင်းသွားလို့ရတဲ့လမ်းတွေကို စုံစမ်းရတာ၊ ရှေ့ဆက်သွားလို့မရရင် ထမင်းဆိုင်၊ စားသောက်ဆိုင်ရှိတဲ့ရွာတွေမှာ နားပြီးစောင့်ကြရတာတွေ ရှိကြပါတယ်။
အခြေအနေကောင်းလုံး ခရီးစဉ်ပြန်ဆက်ခွင့် ရပြန်တော့လည်း မိုးရာသီဖြစ်တာကြောင့် လမ်းပျက်တာ၊ လမ်းချော်တာတွေကြောင့် ခရီးမတွင်တာတွေကလည်း သွားနေကျ ယာဉ်မောင်းတွေအတွက် ကြုံတွေ့နေကြ ကိစ္စရပ်လို ဖြစ်နေကြပါတယ်။
ဒါပေမဲ့လည်း အခုချိန်မှာ မန္တလေးကနေ မြစ်ကြီးနားကို တက်သွားတဲ့ကားနဲ့ မြစ်ကြီးနားကနေ မန္တလေး ပြန်ဆင်းလာမယ့်ကား စုစုပေါင်း ၇ စီးဝန်းကျင်ဟာ လုံးဝအဆက်အသွယ် မရကြသလို တခြားယာဉ်လိုင်းတွေကလည်း ဒီလိုအခြေအနေ ကြုံနေကြရတယ်လို့ နာမည်မဖော်ပြစေလိုတဲ့ အဝေးပြေး ခရီးသည်တင်ကားဝန်ဆောင်မှု ဂိတ်မှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ခရီးသည်တွေရဲ့မိသားစုတွေကလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ယာဉ်မောင်းတွေနဲ့လည်း လုံးဝ အဆက်အသွယ် မရဘူး။ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ သွားရတဲ့ ကိုယ့်ယာဉ်မောင်းတွေအတွက်ရော ခရီးသည်တွေအတွက်ပါ စိတ်ပူတယ်" လို့ ဂိတ်မှူးက ပြောပါတယ်။
မြစ်ကြီးနား- ကသာလမ်းပိုင်း လုံးဝမပွင့်သေးတာအပြင် တိုက်ပွဲတွေကြောင့် အင်းတော်ဘက်ကနေ ရှောင်ကွင်းသွားတဲ့လမ်းတွေကိုလည်း မသွားကြဖို့ ဒေသခံတွေအချင်းချင်း လူမှုကွန်ရက်ကနေ သတိပေးနေကြပါတယ်။
ဒေသတွင်း အခြေအနေသိရှိသူတစ်ဦးကတော့ စစ်တပ်က လမ်းပိုင်းတလျှောက်လုံးမှာ လုံခြုံရေး ယူထားတာဖြစ်လို့ တိုက်ပွဲဖြစ်ရင် သွားခွင့် မပေးသလို တိုက်ပွဲငြိမ်သွားရင် တစ်စီးစ နှစ်စီးစ သွားခွင့်ပေးတာတွေ ရှိတယ်လို့ ပြောပြပါတယ်။
"သွားခွင့်ပေးရင်တောင် ကားကြီးတွေက မဖြတ်ရဲလို့ မထွက်ကြဘူး၊ ကားလေးတွေလောက်ပဲ သွားတယ်။ ဒီနေ့ဆို တိုက်ပွဲက ဆက်တိုက်ပြင်းနေတာ၊ လေကြောင်းဗုံးကြဲကလည်း ဆက်တိုက်ရှိနေတာ၊ လက်နက်ကြီးနဲ့ပစ်နေတာလည်း မိနစ်တိုင်း ကြားနေရတယ်"လို့ မော်လူး ဒေသခံက မေ ၂၅ ရက် မွန်းလွဲပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
ကျန်းမာရေးအတွက် မြစ်ကြီးနားကနေ မန္တလေးမှာ ဆေးကုပြီးပြန်လာသူတွေ၊ မိသားစုလိုက် ခရီးသွားသူတွေနဲ့ အဆက်အသွယ်မရလို့ လူမှုကွန်ရက်မှာ မေးမြန်းစုံစမ်းနေကြတာကိုလည်း တွေ့ရပါတယ်။
ရက်ကြာလာတာကြောင့် စားသောက်ကုန် ပစ္စည်းတွေဆိုရင် ပစ်ရမယ့်အခြေအနေ ရောက်နေပြီလို့ ဒေသအခြေအနေသိရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးအကန့်အသတ် အခက်အခဲကြောင့် ဘယ်လောက်အထိ ဆုံးရှုံးမှုပမာဏရှိတယ်ဆိုတာကိုတော့ လက်ရှိအခြေအနေမှာ မခန့်မှန်းနိုင်ကြသေးပါဘူး။