မြန်မာနဲ့ မိတ်ဖက် ဖြစ်ရေးဆိုတာ အိန္ဒိယ အတွက် ဘယ်လောက် အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, နေပြည်တော်ပြန်ကြားရေးထုတ်ပြန်ချက်
အိန္ဒိယ အနေနဲ့ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့ ကဏ္ဍတွေထဲ သူတို့ရဲ့ အရှေ့မြောက် ပြည်နယ်တွေက ခွဲထွက်ရေး လက်နက်ကိုင်တွေကို ကိုင်တွယ် နိုင်ရေး ဆိုတာထက် ပိုပြီး မဟာဗျူဟာမြောက်တဲ့ ရည်မှန်းချက်တွေ ရှိနေပါတယ်။
အရှေ့တောင် အာရှ ဒေသတွေနဲ့ ကုန်သွယ် ဆက်ဆံရေး တိုးမြှင့်မယ် ဆိုပြီး ဝန်ကြီးချုပ် မိုဒီ အစိုးရက ချမှတ်ထားတဲ့ မူဝါဒမှာ မြန်မာဟာ ပထဝီအရ ဗျူဟာမြောက် အရေးပါနေပါတယ်။
မြန်မာကို ဖြတ်ပြီး ထိုင်းအထိ ချိတ်ဆက်မယ့် ၃ နိုင်ငံသွား အဝေးပြေးလမ်း စီမံကိန်းနဲ့၊ ကုလားတန် ဘက်စုံသုံး ကူးသန်း သွားလာ ပို့ဆောင်ရေး ကွန်ရက် စီမံကိန်းတို့ကို အိန္ဒိယက ပြီးမြောက်အောင် အကောင်အထည် ဖော် လိုပါတယ်။
ဒါ့အပြင် အခု နောက်ပိုင်းနှစ်တွေမှာ ဆိုရင် မြန်မာထဲက မြေရှားကိုပါ အိန္ဒိယ အနေနဲ့ ဘယ်လို လက်လှမ်းမီနိုင်မလဲ ဆိုတာကို ဆန်းစစ် ချည်းကပ် နေတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
မြန်မာနဲ့ မိတ်ဖက် ဖြစ်ရေးဆိုတာ အိန္ဒိယ အတွက် ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ဂျင်းဒါးလ် နိုင်ငံတကာရေးရာကျောင်း၊ JSIA က တွဲဘက် ပါမောက္ခလည်းဖြစ်၊ အရှေ့တောင်အာရှ လေ့လာရေး ဌာနကို ဦးဆောင်နေတဲ့ ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ သမ္မတနေရာ ရယူထားတဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အိန္ဒိယ ခရီးစဥ်မှာ ဗုဒ္ဓဂါယာကို ဘုရားဖူး အရင် သွားပါတယ်။ ပြီးမှ နယူးဒေလီကို ခရီးဆက်ပါတယ်။ သံတမန် လုပ်ထုံးလုပ်နည်း ပရိုတိုကောလ်တွေအရ သူ့ရဲ့ ဒီခရီးကို နိုင်ငံတော် ခရီးလို့ ခေါ်နိုင်လား။ အိန္ဒိယ အစိုးရဘက်က ဘယ်လို သတ်မှတ် ဆက်ဆံလဲ။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ဒီခရီးစဥ်ဟာ နိုင်ငံတော် အဆင့် ခရီးစဥ် အဖြစ်သာ ကျွန်မတို့ ရှုမြင်သင့်တယ်လို့ ထင်ပါတယ်။ ခရီးစဥ် တစ်ခုလုံးရဲ့ သဘောသဘာဝဟာ သူ့ ပုဂ္ဂိုလ်ရေး ဘုရားဖူး ခရီးစဥ် ဆိုတာမျိုးထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ "ဂါယာ" ကို သွားတယ် ဆိုတဲ့ အချက်ကိုက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား socio-cultural (ဆိုဆီယို-ကာလ်ချရယ်) လို့ ခေါ်တဲ့၊ လူမှု အဆောက်အအုံနဲ့ ယဥ်ကျေးမှုပိုင်းမှာပါ ဆက်နွယ် ပတ်သက်နေတဲ့ ဆက်ဆံရေးမျိုး ရှိတယ် ဆိုတာကို ပြသပါတယ်။
မြန်မာနိုင်ငံသား အများအပြားဟာ ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ကြတဲ့ အတွက်၊ "ဂါယာ" ဆီကို အထွဋ်အမြတ် တန်ဖိုးထား လာလေ့ရှိပါတယ်။ အဲဒီ ဘာသာရေး ဆိုင်ရာ ဓလေ့ ထုံးတမ်းတွေ ကိုယ်၌က နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးရဲ့ အခြေခံ အကြောင်းတွေထဲမှာ ပါဝင်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဦးမင်းအောင်လှိုင်ရဲ့ အခု ခရီးစဥ်ဟာ ကနဦးတုန်းကတော့ အိန္ဒိယမှာ ဇွန်လ ၁ ရက်နေ့ ကျင်းပဖို့ စီစဥ်ထားတဲ့ "International Big Cat Alliance" ... အတိုကောက် "IBCA" ညီလာခံကို တက်ဖို့ ဆိုပြီး စီစဥ်ထားတာပါ။ ကျားတွေ၊ ခြင်္သေ့တွေ အပါအဝင် ကြောင်ကြီး မျိုးနွယ်တွေကို ထိန်းသိမ်းကာကွယ်ရေး မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံတကာ ညီလာခံကို ဇွန်လ ၁ ရက် နေ့မှာ ကျင်းပဖို့ စီစဥ်ထားခဲ့ပါတယ်။
ဒါပေမယ့် သတ်မှတ်ရက် အတိုင်း မကျင်းပ နိုင်ပဲ နောက်ကို ရွှေ့သွားပါတယ်။ တချို့နိုင်ငံတွေမှာ အီဘိုလာ ကူးစက်မှု ပေါ်ပေါက်လာတဲ့နောက်၊ တင်ကြို သတိထား ကာကွယ်တဲ့ အနေနဲ့ IBCA ညီလာခံကို ရက်ရွှေ့ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဥ်ကိုတော့ မရွှေ့ဆိုင်းတော့ပဲ အိန္ဒိယ နိုင်ငံကို နိုင်ငံတော် ခရီး "State Visit" အဖြစ် ပြောင်းလဲ လာရောက် ခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒါဆိုရင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း အဖြစ်ကနေ အခု သမ္မတရာထူး ရယူထားတဲ့ သူနဲ့ သူဦးဆောင်တဲ့ အစိုးရကို အိန္ဒိယ ဘက်က မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ်၊ အသိအမှတ်ပြုတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ကိုဝေဖြိုးရေ ... ရှင်သိတဲ့ အတိုင်း အိန္ဒိယရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ဆိုရင် ဗဟို အစိုးရနဲ့ ဆက်ဆံရေး ဆိုတဲ့ မူ အပေါ် အခြေခံ ပါတယ်။ မြန်မာ ရယ်လို့မှ မဟုတ်ပါဘူး။ ဘယ်တိုင်းပြည်နဲ့ မဆို အဲဒီ မူ အပေါ် အခြေခံပြီး တရားဝင် ဆက်ဆံရေး ထားရှိပါတယ်။
အခု မြန်မာ့ အရေးမှာ ဆိုရင်လည်း နေပြည်တော်မှာ ဘယ်သူတွေ ရှိနေကြသလဲ ဆိုတဲ့ အပေါ် မူတည်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။
မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ တစ်ရပ် လောလောလတ်လတ်မှာ ရှိခဲ့ပြီး၊ အဲဒီ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ သဘောထား အမြင်တွေလည်း အမျိုးမျိုး ကွဲ လွဲ ကြပါတယ်။ အိန္ဒိယ အစိုးရကတော့ သူတို့ရဲ့ နိုင်ငံခြားရေး မူ အတိုင်းပဲ နေပြည်တော်မှာ အာဏာချုပ်ကိုင်ထားသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်ပါတယ်။
ဒီလို ပြောပေမယ့်လည်း အိန္ဒိယ အစိုးရ အနေနဲ့ လက်တွေ့မှာတော့ "နှစ်လမ်း အပြိုင် ထားရှိတဲ့ မူဝါဒ - dual-track policy (ဂျူရယ်လ် ထရက်ခ် ပေါ်လစီ)" ကိုလည်း ပေါ်ပေါ်ထင်ထင် မဟုတ်ရင်တောင်မှ ကျင့်သုံးလာတဲ့ ဖြစ်ရပ်တွေ ရှိလာ ခဲ့ပါတယ်။ ဆိုလိုတာက မြန်မာ့ အရေးမှာ ဆိုရင် နေပြည်တော် အာဏာပိုင်တွေနဲ့ သာမက တခြား သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့လည်း အိန္ဒိယ အတွက် လိုအပ်မယ် ဆိုရင် ထိတွေ့ ဆက်ဆံမယ် ဆိုတဲ့ မူမျိုး ဖြစ်ပါတယ်။
အဲဒါကို strategic autonomy (စထြာတီးဂျစ် အော်တိုနော်မီ) လို့ ခေါ် နိုင်မယ် ထင်ပါတယ်။ တိုင်းပြည် အတွက် အကျိူး ရှိနိုင်တာကို ကိုယ်ပိုင် ဆန်းစစ် ပိုင်းခြားမှုတွေနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ် လုပ်ကိုင်တာမျိုးကို ဆိုလိုပါတယ်။
ဒီတော့ ရှင့်ရဲ့ မေးခွန်းကို တိုက်ရိုက် ဖြေရရင် ... ဟုတ်ပါတယ်၊ အခု နေပြည်တော်မှာ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို မြန်မာ အစိုးရ အဖြစ် အိန္ဒိယက သဘောထား ဆက်ဆံနေတယ်လို့ ပြောနိုင်ပါတယ်။
ဘီဘီစီ။ ။ အိန္ဒိယရဲ့ dual-track policy အကြောင်း ကျွန်တော့်ရဲ့ နောက်ပိုင်း မေးခွန်းတွေထဲမှာလည်း ပါလာပါလိမ့်မယ်။ အဲဒီ အကြောင်း မသွားခင်၊ နေပြည်တော် သမ္မတရဲ့ ဒီ အိန္ဒိယ ခရီးစဥ်မှာ ကို အာရုံစိုက် ကြည့်မယ် ဆိုရင်၊ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တဲ့ အခါမှာ ပြောကြတဲ့ အထဲ ဘယ်ကိစ္စချင်းရာတွေက အဓိက လွှမ်းမိုးနေခဲ့လဲ။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ နှစ်နိုင်ငံကြားမှာတော့ ဆွေးနွေးကြတဲ့ ကိစ္စချင်းရာတွေက အတော်အတန် များပြားပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ ဦးမင်းအောင်လှိုင်ကို နယူးဒေလီမြို့တော်မှာ ရှိတဲ့ နိုင်ငံတော် ဧည့်ဂေဟာ ဖြစ်တဲ့ ဟိုက်ဒရာဘာ့ဒ် စံအိမ်မှာ တွေ့ ဆုံပါတယ်။ အိန္ဒိယဘက်ကတော့ နဂို ရှိနှင့်ပြီး ဗျူဟာမြောက် ရည်မှန်းချက်တွေ ပြည့်မြောက်နိုင်ရေး အာရုံစိုက်ပါတယ်။ အဲဒါကတော့ အိန္ဒိယ အတွက် အရေးကြီးတဲ့ ကုလားတန် ဘက်စုံသုံး ပို့ဆောင် ဆက်သွယ်ရေး စီမံကိန်း အထမြောက်ဖို့နဲ့၊ အိန္ဒိယကနေ မြန်မာကို ဖြတ်ပြီး ထိုင်းနိုင်ငံ အထိ ချိတ်ဆက် နိုင်မယ့် ၃ နိုင်ငံ အဝေးပြေးလမ်း "trilateral highway" အကောင်အထည် ပေါ်လာဖို့ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သိတဲ့ အတိုင်း ကုလားတန် စီမံကိန်း ဆိုရင်လည်း စီမံကိန်း ဖြတ်သွားမယ့် နေရာအများစုက အာရ်ကန် အာမီရဲ့ ထိန်းချုပ်မှုအောက် ရှိနေတဲ့ အတွက်၊ ဘယ်လောက် အတိုင်းအတာ အထိ တကယ် လက်တွေ့ ဖြစ်မြောက် နိုင်မလဲ ဆိုတာ အခုထိ အသိရ ခက်ဆဲ ဖြစ်ပါတယ်။ အာရုံစိုက်တဲ့ နောက် အကြောင်းအရာ တစ်ခုကတော့ အွန်လိုင်း အလိမ်အညာ ဂိုဏ်းတွေရဲ့ ပြဿနာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ခွဲ ကာလထထဲမှာ အိန္ဒိယ အာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ပြန်ချက် တွေ အရ Scam Centres တွေထဲ ရောက်ပြီးမှာ ပြန်လွတ်လာတဲ့ သူတွေထဲမှာ အိန္ဒိယ နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ အခု ထိအောင်လည်း ရထားသမျှ စာရင်းတွေ အရ အယောက် ၁၅၀ ဝန်းကျင်ကို ပြန် ခေါ်ယူနိုင်ဖို့ လုပ်နေကြပါတယ်။ အဲဒီသူတွေထဲက အများစုကတော့ ထိုင်းနိုင်ငံဘက်ခြမ်း ရောက် နေကြပါပြီ။
ဒီတစ်ခေါက် ခရီးစဥ်မှာ အဓိကကတော့ နှစ်နိုင်ငံကြားမှာ စီးပွားရေး ပူးပေါင်းလုပ်တာတွေ၊ ကုန်သွယ်တာတွေကို အဘက်ဘက်က တိုးမြှင့်နိုင်ရေး အပေါ် နှစ်ဘက်လုံးက အရေးထားပါတယ်။ ပြောရရင်တော့ နယူးဒေလီနဲ့ နေပြည်တော်ကြားမှာ "business diplomacy" လို့ ခေါ်တဲ့ စီးပွားရေး အပေါ် အဓိက အခြေခံတဲ့ သံတမန် ဆက်ဆံရေး တိုးမြှင့်ကြဖို့ ဦးတည် နေတာ ဖြစ်ပါတယ်။ ဒီတော့ လာမယ့် လတွေ၊ နှစ်တွေမှာ စီးပွားရေး အခြေပြု ဆက်ဆံရေးတွေ၊ အစည်းအဝေးတွေ၊ အပြန်အလှန် ခရီးစဥ်တွေ အများကြီး တွေ့လာရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နေပြည်တော်ပြန်ကြားရေးထုတ်ပြန်ချက်
ဘီဘီစီ။ ။ ဒီတစ်ခေါက်မှာ တကယ်တမ်းရော သဘောတူ စာချုပ်တွေ ၊ နားလည်မှု စာချွန်လွှာ MOU ဆိုတာမျိုးတွေ လက်မှတ်ထိုးတာမျိုးရော လုပ်ခဲ့ကြလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ဟိုက်ဒရာဘာ့ဒ် စံအိမ် တွေ့ဆုံပွဲ အပြီး ရက်ပိုင်းတွေ အတွင်း MOU တချို့ လက်မှတ်ထိုးမယ် ဆိုပြီး နားလည် ထားရပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူမှုတွေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်း ပရောဂျက်တွေ ဆိုင်ရာ နားလည်မှုတွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်မရဲ့ ဆန်းစစ်မှု အရတော့ ကုလားတန် စီမံကိန်းလိုမျိုး၊ ၃ နိုင်ငံ အဝေးပြေး လမ်းလိုမျိုး ဧရာမ စီမံကိန်းကြီးတွေလိုမျိုး အတိုင်းအတာနဲ့တော့ ပရောဂျက် အသစ်တွေ ရှိမလာ နိုင်ပါဘူး။
နေပြည်တော် အာဏာပိုင်တွေနဲ့ကြား အိန္ဒိယ အစိုးရ အနေနဲ့ ဆက်ဆံရေး ခိုင်မာတဲ့ နောက်ထပ် မျက်နှာစာ တစ်ခုကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ကဏ္ဍ ပဲ ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍမှာလည်း နားလည်မှု စာချွန်လွှာ MOU အသစ်တွေ ရယူ လာဖွယ် ရှိပါတယ်။
ဘီဘီစီ။ ။ ဒေါက်တာ ဘရ်ဝါ ပြောသလိုပဲ နှစ်ဘက် စလုံးရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ကြည့်ရင် စီးပွားရေး အခြေခံ အကြောင်းချင်းရာတွေ အဓိက လွှမ်းမိုး နေပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်းစစ် ဖြစ်နေပြီး တည်ငြိမ်မှု ပျက်ယွင်းနေတဲ့ အခြေအနေမှာ အိန္ဒိယရဲ့ ရည်မှန်းချက်တွေဟာ တကယ် လက်တွေ့ ကျနိုင်ပါ့မလား ဆိုပြီး ဝန်ကြီးချုပ် မိုဒိ အစိုးရက မဆန်းစစ်ကြဘူးလား ခင်ဗျ။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ရှင် ပြောတာ အင်မတန် မှန်ပါတယ်။ မြန်မာနိုင်ငံထဲ အိန္ဒိယရဲ့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်ဖို့ ဆိုတာ အင်မတန် ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ လုပ်ရိုးလုပ်စဥ် မဟုတ်ပဲ၊ ထူးခြားတဲ့ ဆောင်ရွက်ချက်မျိုးတွေကိုလည်း အိန္ဒိယဘက်က လုပ်လာ ပါတယ်။ ဥပမာ အားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ EAO တချို့နဲ့ပါ စကားပြောတာမျိုးပါ။
အိန္ဒိယရဲ့ ဗျူဟာမြောက် စီမံကိန်းတွေကို အဲဒီ အဖွဲ့တွေကလည်း အကာအကွယ် ပေးနိုင်မလား ဆိုတဲ့ စဥ်းစားချက်မျိုးနဲ့ ဖြစ်ပါတယ်။ အဲဒီ ဘက်ခြမ်းမှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတချို့ ရှိတယ်လို့ ကျွန်မ နားလည် ထားပါတယ်။ ဒါပေမယ့်၊ EAO တွေနဲ့ စကားပြောဆိုရုံ သက်သက်ကလည်း စီမံကိန်းကြီးတွေ တကယ်တမ်း အထမြောက် အောင်မြင်နိုင်ရေး အတွက် မလုံလောက်ပါဘူး။ ဗဟိုအစိုးရနဲ့ ဆက်ဆံရေးသာ ပင်မ နိုင်ငံခြားရေး အခြေခံမူ အဖြစ် အိန္ဒိယက စွဲကိုင်ပါတယ်။
အိန္ဒိယ အနေနဲ့ ကုလားတန် စီမံကိန်းကို ၂၀၂၇ အမှီ အထမြောက် ပြီးစီး လိုတယ် ဆိုပြီး ပြောနေပေမယ့်၊ လက်တွေ့ ကြုံနေရတဲ့ အခက်အခဲတွေ အပေါ်မှာလည်း နားလည် သဘောပေါက်ထားပါတယ်။ ကုလားတန် စီမံကိန်း နှောင့်နှေးနိုင်တယ် ဆိုပြီး နိုင်ငံခြားရေး ဌာနရဲ့ ထိပ်တန်း တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ အတွင်းဝန် ဗစ်ကရမ် မစ္စရီ (Vikram Misri) ဆီကနေ လောလောလတ် ကြားထားရပါတယ်။ ဒါပေမယ့် ဒီ ဗျူဟာမြောက် ရည်မှန်းချက်ကိုတော့ အိန္ဒိယက စွန့်ပယ်ပစ်မှာ မဟုတ်ပ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဘီဘီစီ။ ။ ဒေါက်တာ ဘရ်ဝါ ပြောတာထဲမှာ အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံထဲက EAO တချို့နဲ့လည်း စကားပြောတယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဒါဟာ အခုနက ပြောခဲ့တဲ့ နှစ်လမ်းပြိုင် မူဝါဒနဲ့ တိုက်ရိုက် သက်ဆိုင်မယ် ထင်ပါတယ်။ ဒီတော့ ကျွန်တော့်ကို နည်းနည်းလေး အသေးစိတ် ပြောပြပေးပါ့လား။ မြန်မာနိုင်ငံထဲက ဘယ် EAO အဖွဲ့တွေနဲ့ အိန္ဒိယက ထိတွေ့ ဆက်ဆံတာလဲ။ အဲဒီ အဓိပ္ပာယ်ဟာ နေပြည်တော် အာဏာပိုင်တွေ ကို ပါဝင်စေတာမျိုး မဟုတ်ပဲ EAO တွေနဲ့ တိုက်ရိုက် ဆက်ဆံတယ် ဆိုတဲ့ အဓိပ္ပာယ်လား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ဒီ အချက်ဟာ တကယ်တော့ အများ မြင်သာခဲ့ပြီးတဲ့ အချက် ဖြစ်ပါတယ်။ နှစ်လမ်းပြိုင် မူဝါဒ အကြောင်း ကျွန်မတို့ ပြောကြမယ် ဆိုရင် ... မြန်မာနဲ့ ပတ်သက်ရင် အဲဒီလို မူဝါဒမျိုး ဘာလို့ လိုအပ်ရတာလဲ ဆိုတာကို စပြီး ကြည့်သင့်ပါတယ်။
လွန်ခဲ့တဲ့ လ အနည်းငယ် လောက်ကထိ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အစိုးရ နေရာမှာ ဘယ်သူ ရှိလာမယ် ... အာဏာသိမ်း စစ်ခေါင်းဆောင်က ဘာဆက်လုပ်မယ် စတာတွေကို ဘယ်သူမှ မသေချာ နိုင်ခဲ့ပါဘူး။ ဒီတော့ အိန္ဒိယ အနေနဲ့ နားမျက်စေ့တွေ အားလုံးကို ဖွင့်ထား စွင့်ထားရပြီး၊ မျက်နှာစာ အားလုံးကို ဆင်ခြင် သုံးသပ်ရပါတယ်။
ဒီတော့ ဗဟို အစိုးရ နေရာမှာ ရှိနေတဲ့ အဖွဲ့မျိုးနဲ့ မဟုတ်ပဲ ထိတွေ့ ဆက်ဆံတာ တချို့ ရှိခဲ့တယ် ဆိုတဲ့ အချက်ဟာလည်း လျှို့ဝှက်ချက် မဟုတ်ခဲ့ပါဘူး။ ဥပမာ ပြောရရင်၊ မြန်မာနဲ့ နယ်စပ်ချင်း ထိနေတဲ့ မီဇီုရမ်ပြည်နယ်က အမတ် တစ်ယောက်ဟာ တစ်ဘက် ချင်းပြည်နယ်ထဲထိ ဝင်သွားပြီး၊ ချင်း အင်အားစုတွေနဲ့ တွေ့တာ စကားပြောတာတွေ လုပ်ခဲ့ပါတယ်။ တခါ၊ မြေရှား သတ္တုတွေ အရေး အိန္ဒိယဟာ ကချင် KIA နဲ့လည်း ထိတွေ့တယ် ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေခဲ့ပါတယ်။ ဒီတော့ အိန္ဒိယဘက်က လမ်းကြောင်း အမျိုးမျိုး ဖွင့်နိုင်ဖို့ရာ နှစ်လမ်းပြိုင် မူဝါဒ အခြေခံ ကြိုးပမ်းချက်တွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီ နှစ်လမ်းပြိုင် မူဝါဒ အခြေခံ ကြိုးစားချက်တွေ ကြောင့်တော့၊ အိန္ဒိယရဲ့ နိုင်ငံခြားရေးနဲ့ သံတမန်ရေး ဆိုင်ရာ ပင်မရပ်တည်မှုကြီး တစ်ခုလုံး ... အခြေခံကနေ စပြီး ပြောင်းသွားမယ် လို့ မမျှော်လင့်နိုင်ပါဘူး။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကနေ တဆင့် အစိုးရသစ် တစ်ရပ် ပေါ်လာပြီ ဆိုတဲ့ အနေအထားမျိုးကို ခင်းကျင်းလာတဲ့ အတွက် အိန္ဒိယ အနေနဲ့ ဗဟိုအစိုးရနဲ့ ဆက်ဆံရေး မူ အပေါ် ပိုပြီး အားစိုက် နေတာ တွေ့ရပါတယ်။ စောစောက ပြောခဲ့သလို ... နား မျက်စိတွေကတော့ မျက်နှာစာ ပေါင်းစုံမှာ ဆက်ပြီး ဖွင့်ထားဦးမှာပါ။
မြန်မာနိုင်ငံထဲက အခြေအနေတွေဟာ ရှင် ပြောခဲ့သလို လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်ပြီး၊ ၆၂ မြို့နယ် ဝန်းကျင်ထိအောင် ဗဟို အစိုးရရဲ့ အာဏာစက် မသက်ရောက် ဖြစ်နေဆဲ ဆိုတာ တွေ့ရပါတယ်။ အဲဒီထဲက ၃၅ မြို့နယ် ဝန်းကျင်ဟာ အိန္ဒိယနဲ့ နယ်စပ် တလျှောက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ ရှုထောင့် အမြင်ကနေ ဆိုရင်လည်း အဲဒီက သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ကြား လမ်းကြောင်းတွေ ဖွင့်ထားနိုင်ဖို့ ဆိုတာ အိန္ဒိယရဲ့ အကျိုးစီးပွား အတွက် လိုအပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ မြေရှားသတ္တုတွေ အိန္ဒိယ အနေနဲ့ ရယူနိုင်ရေး ကချင် အဖွဲ့ KIO/KIA နဲ့ ကြားမှာ ဆက်ပြီး ထိတွေ့နေတယ်၊ စကားပြောနေတယ်လို့ သိထားရလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ မသိရပါဘူး။ အဲဒီ ထိတွေ့မှုတွေဟာ ပေါ်ပေါ်ထင်ထင် ပြုလုပ်တာမျိုး မဟုတ်ပါဘူး။ ကချင် KIA နဲ့မှ မဟုတ်ပါဘူး။ ချင်းအဖွဲ့တွေနဲ့ ဖြစ်ဖြစ်၊ ရခိုင် အဖွဲ့ အာရ်ကန် အာမီနဲ့ပဲ ဖြစ်ဖြစ် တရားဝင် ထိတွေ့ ဆက်ဆံတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ အဖွဲ့တချို့နဲ့ ထိတွေ့ ဆက်ဆံတဲ့ ဖြစ်ရပ်တွေဟာ အများသိလာ ခဲ့ရတာတွေ ရှိသလို၊ မသိလိုက်ရပဲ လုံးဝ တံခါးပိတ် လုပ်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ကျွန်မ စောစောက ပြောနေတာတွေဟာ နှစ်လမ်းပြိုင်မူကို တရားဝင် နိုင်ငံခြားရေး မူ အဖြစ် ပေါ်ပေါ်ထင်ထင် ကျင့်သုံးတယ်လို့ မဆိုလိုပါဘူး။ လက်တွေ့ လိုအပ်ချက်တွေ အရ၊ အိန္ဒိယရဲ့ အကျိုးစီးပွားအတွက် ချဲ့ထွင် လုပ်ဆောင် ကြည့်ရတဲ့ ဖြစ်ရပ်တချို့ ရှိနေခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နယူးဒေလီ ဗဟိုအစိုးရက ဖြစ်စေ၊ အိန္ဒိယဘက်ခြမ်း ဒေသန္တရ အာဏာပိုင်တွေ က ဖြစ်စေ ကချင်အဖွဲ့ KIA နဲ့ လက်ရှိမှာ ထိတွေ့ ဆက်ဆံနေသလား ဆိုတာကိုတော့ ကျွန်မ အနေနဲ့ မသိရှိပါဘူး။
ဘီဘီစီ။ ။ ဝန်ကြီးချုပ် မိုဒီ အစိုးရ အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အရေးကို အားပေးဖို့ ဆိုတဲ့ အပေါ် စိတ်ဝင်စားမှု ရှိလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ အပြည့်အဝ ရှိပါတယ်။ ဟိုင်ဒရာဘာ့ဒ် စံအိမ် ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ဒီမိုကရေစီ ထွန်းကားရေး မူ အခြေခံတွေကို အိန္ဒိယဘက်က ထပ်လောင်း ပြောဆိုတာမျိုး ရှိပါတယ်။
လက်ရှိ အချိန်မှာ အိန္ဒိယ အစိုးရ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် မှုတွေ ရှိနေတာကိုလည်း ကျွန်မ သိပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံ "ဒီမိုကရေစီ မိခင်နိုင်ငံကြီး" ဖြစ်လျက်နဲ့၊ လူသတ်သမားကို အိမ်ရှင် အဖြစ် ဧည့်ခံရသလား ဆိုပြီး ဝေဖန် နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြေခံ အချက်ကတော့ ကျွန်မ ရှင်းပြခဲ့သလို အိန္ဒိယရဲ့ နိုင်ငံခြားရေး အခြေခံ မူဝါဒဟာ မြန်မာ နဲ့ ပတ်သက်ပြီး ပြောင်းသွားမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံထဲက အိန္ဒိယရဲ့ အကျိူးစီးပွားတွေ ထိန်းသိမ်းနိုင်ရေး၊ ရှေ့ကို တိုးနိုင်ရေး ဆိုတာတွေ တစ်ဘက်မှာ ရှိတဲ့ကြားကပဲ၊ ကျန်ခဲ့တဲ့ ၅ နှစ်ကျော် ကာလမှာ အိန္ဒိယဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် တက်ရောက်နိုင်ရေး အတွက် အကြိမ်ကြိမ် အခါခါ တိုက်တွန်း ခဲ့ပါတယ်။ စကားလုံးတွေ သက်သက်နဲ့တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံမျိုးတွေ အိန္ဒိယ နိုင်ငံထဲမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဝပ်ရှော့တွေဟာလည်း တချို့ လူသိထင်ရှား ရှိသလို၊ တချို့လည်း တံခါးပိတ် သဘောနဲ့ပဲ တိုးတိုးတိတ်တိတ် ပြီးသွားတာမျိုးလည်း ရှိခဲ့ပါတယ်။
အထူးသဖြင့်တော့ အိန္ဒိယရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လို လက်တွေြ ကျင့်သုံးနေလဲ၊ ပြည်နယ် အမျိုးမျိုးမှာ အာဏာတွေ ခွဲဝေပြီး၊ ဒီမိုကရေစီ နည်းကျ ဘယ်လို ထူထောင် လည်ပတ်နေသလဲ ဆိုတာတွေကို ဆွေးနွေးကြတာမျိုး၊ လေ့လာကြတာမျိုး ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ဖွဲ့စည်းပုံလည်းပဲ ဗဟို အစိုးရနဲ့ ပြည်နယ် အစိုးရတွေကြား အာဏာ ခွဲဝေထားတာကို ခွင့်ပြုတဲ့ ဖက်ဒရယ် ပုံစံ တစ်ရပ် အပေါ် အခြေခံတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံထဲမှာလည်း ဖက်ဒရယ်ကို ဘယ်လို ပုံဖော်ကြမလဲ ဆိုတဲ့ အပိုင်းမှာ အိန္ဒိယ လက်ရှိ လည်ပတ် နေပုံ အပေါ် လေ့လာ နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးချုပ် မိုဒီက နေပြည်တော် သမ္မတကို တိုက်ရိုက်ပြောတာမျိုး ရှိလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ကျွန်မ အနေနဲ့ကတော့ အဲဒီလို တိုက်ရိုက် ပြောခဲ့တာမျိုး ရှိလား ဆိုတာ မသိပါဘူး။ ကျွန်မနားလည်မှုကတော့ အခု ခရီးစဥ်မှာ တိုက်ရိုက် ပြောတာမျိုးထက် စာရင်၊ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ အပေါ် ပြောဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အပါအဝင် ကိစ္စ အရပ်ရပ် အပေါ် အိန္ဒိယ အနေနဲ့ စိုးရိမ်စိတ် ရှိတဲ့ အကြောင်း နယူးဒေလီဘက်က ပြောခဲ့ပါတယ်။
ဒီ ခရီးစဥ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အရေးဟာ ရှေ့တန်းကို ရောက်မလာခဲ့ဘူးလို့ ပြောနိုင်ပေမယ့်၊ အဲဒီ အဓိပ္ပာယ်ဟာ အိန္ဒိယ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အရေး မေ့လျော့ပစ်လိုက်ပြီ လို့ မဆိုလိုပါဘူး။ မြန်မာကို ကိုယ်စားပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ ကြီးမားလှပြီး၊ သူ့ရဲ့ ဂုဏ်သရေ သိက္ခာ အပေါ် တန်ဖိုးထားကြတဲ့ ကမ္ဘာအရပ်ရပ်က သူတွေထဲမှာ အိန္ဒိယလည်း ပါဝင်ပါတယ်။ အိန္ဒိယမှာ မြန်မာအကြောင်း သိပ်မသိသူတွေတောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင်တော့ သိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် တန်ဖိုးထားတဲ့အချက်ဟာ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။
ဘီဘီစီ။ ။ မြန်မာနဲ့ မိတ်ဖက် ဖြစ်ရေးဆိုတာ အိန္ဒိယ အတွက် ဘယ်လောက် အရေးကြီးလဲ။ အထူးသဖြင့် ဒေသတွင်း တရုတ်နဲ့ ယှဥ်ပြိုင်ဖို့ ဆိုရင်ပေါ့။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ဒါဟာ လူတိုင်း စိတ်ဝင် စားနေကြတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံထဲ ရှိနှင့်နေပြီး ဖြစ်တဲ့ တရုတ် ရဲ့ ဩဇာလို့ ပြောမလား၊ ခြေကုပ်ယူထားနိုင်မှု ... ပါဝင်ပတ်သက်မှု လို့ပဲ ခေါ်မလား၊ ကြိုက်တဲ့ ဝေါဟာရကို သုံးနှုန်း နိုင်ပါတယ် ... အဲဒီ အရာဟာ အင်မတန်ကို နက်နက်ရှိုင်းရှိုင်း ရှိနေတယ် ဆိုတဲ့ အချက် အပေါ် ကျွန်မတို့ မျက်မှောက်ပြု သိမြင်ထားပြီး ဖြစ်ပါတယ်။
ဆက်ဆံရေးရဲ့ သဘောသဘာဝကို "ဆွေမျိုး ပေါက်ဖော်" ဆက်ဆံရေး ဆိုပြီးတော့တောင်မှ ခေါ်ဝေါ်ကြပါတယ်။ အဲဒီ "ဆွေမျိုး ပေါက်ဖော်" ဆက်ဆံရေး ဆိုတာမျိုး မြန်မာနဲ့ အိန္ဒိယ ကြားမှာတော့ တရုတ်လောက် အတိုင်းအတာမျိုးထိ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ မြန်မာဟာ အစဥ်အဆက် တရုတ်နဲ့ ပိုနီးစပ် နေခဲ့တာ မှန်ပါတယ်။
ဒါပေမယ့်၊ လက်ရှိ မျက်မှောက်အချိန်မှာတော့ မြန်မာဟာ ဆက်ဆံရေးကို ဖြန့်ကျက်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အိန္ဒိယနဲ့ မိတ်ဖက် ဖြစ်နိုင်ရေး ဆိုတဲ့ အပေါ် မြန်မာဘက်ကလည်း အလိုရှိနေပါတယ်။ မြန်မာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အဆက်ဆက် တရုတ်ရဲ့ ဩဇာ လွှမ်းမိုး ခံထားရတဲ့ ဂြိုဟ်ရံလ နိုင်ငံ "satellite state" အဖြစ်ကနေ ကျော်လွှားမယ်ဆိုရင် ကျော်လွှား နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ ဥပမာ- မြေရှား ကိစ္စဆိုရင် အမေရိကန်ကလည်း စိတ်ဝင်စားမယ် ဆိုတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံ ရှိနေပါတယ်။
အိန္ဒိယ အနေနဲ့ကတော့ မြန်မာနဲ့ မိတ်ဖက် ဆက်ဆံရေး ဖော်ဆောင်ဖို့ ရည်မှန်းချက် မှန်သမျှထဲမှာ တရုတ်ကိုလည်း အမြဲတမ်း ထည့်သွင်း တွက်ချက် စဥ်းစားရပါတယ်။ တရုတ်နဲ့ အိန္ဒိယ ကြားမှာ အားလုံးသိတဲ့ အတိုင်း အဆင်မပြေမှုတွေ ရှိနေပြီး ပြိုင်ဘက်သဖွယ် ဖြစ်နေပါတယ်။ အိန္ဒိယ အနေနဲ့ မြန်မာနဲ့ မိတ်ဖက် ဆက်ဆံရေး အဓိက တိုးမြှင့်လိုတဲ့ ကဏ္ဍထဲမှာ ရေတပ် ကဏ္ဍလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ လ ထဲကပဲ အိန္ဒိယရဲ့ ရေတပ် အကြီးအကဲ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ နှစ်နိုင်ငံ ရေတပ်တွေကြား ပူးပေါင်း ဆောင်ရွက်တာ၊ လေ့ကျင့်တာတွေ တိုးမြှင့်ကြဖို့ ဆိုတဲ့ အပေါ် ဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုတာဟာ အင်ဒို-ပစိဖိတ် ဒေသတခွင် အတွက်ပါ အကျိုးရှိနိုင်ရေး အတွက် အိန္ဒိယ ဘက်က ရည်ရွယ်တာမျိုး ဖြစ်ပါတယ်။
ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ ဒေါက်တာ ဘရ်ဝါရေ ... အိန္ဒိယနဲ့ အခုလို ဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်တာကနေ လက်ရှိ နေပြည်တော် အာဏာပိုင်တွေဟာ မြန်မာနိုင်ငံထဲ အာဏာကို ပိုပြီး တိုးမြှင့် ချုပ်ကိုင် လာနိုင်ဖွယ် ရှိလား။
ဒေါက်တာ ရှာရာဘာနာ ဘရ်ဝါ ။ ။ ဒါကလည်း နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာဘက်က အမြင်မှာ၊ နေပြည်တော်ရဲ့ အမြင်မှာ အိန္ဒိယ အပေါ် ပိုပြီး ယုံကြည်လိုပုံ ရပါတယ်။ အခု သမ္မတ ဦးမင်းအောင်လှိုင် ဆိုရင် တရုတ် အစိုးရ အပေါ် အလုံးစုံ စိတ်မချ နိုင်ပါဘူး။ ဒီ မယုံမကြည် ဖြစ်မှု၊ စိတ်မချ နိုင်မှုတွေကြောင့်ပဲ သမ္မတ အနေနဲ့ သူ့ရဲ့ ပထမဆုံး နိုင်ငံတော် ခရီးစဥ်ကို အိန္ဒိယကို လာဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ နေပြည်တော် အတွက်တော့ အိန္ဒိယနဲ့ ဆက်ဆံရေး တိုးမြှင့် နိုင်ဖို့ ဆိုတာ အင်မတန် အရေးတကြီး သဘောထားနေပုံ ရပါတယ်။ တရုတ်ကို ဗဟိုပြုတဲ့ နိုင်ငံခြား ဆက်ဆံရေးကနေ ဖယ်ခွာပြီး ဖြန့်ကျက်နိုင်ဖို့ ဆိုရင် ... ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ကို မြန်မာ အနေနဲ့ အိန္ဒိယ နဲ့သာမကပဲ ထိုင်းတို့ ဂျပန်တို့နဲ့လည်း အလားတူ လုပ်ဆောင်လာဖွယ် ရှိပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








