ကိုယ်တော်တွေရေးတဲ့ဖူးစာ - လူငယ်တွေဖူးစာဆုံဖို့ တောင်ကိုရီးယားဘုန်းကြီးတွေဘယ်လိုကူညီနေလဲ

ညမှာ မီးမှိန်မှိန်ထွန်းထားတဲ့ တောင်ကိုရီးယားဟာ ကျောင်းဆောင် တစ်ဆောင်၊ သစ်သား တိုင်တွေ ယက်မတွေနဲ့ဆောက်လုပ်ထားပြီး ကျောက်တုံးလှေကားထစ်တွေကို အဆင့်ဆင်မြင်ရ။ လှေကားထစ်အဆုံးမှာ ကျောင်းဝင်း ကွင်းပြင်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

    • ရေးသားသူ, ဂျိတ်ခွမ်
    • ရာထူးတာဝန်, ဆိုးလ် သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ဒွန်ဝါရှာကျောင်းတော်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

လိမ္မော်ရောင်သင်္ကန်းခြုံထားတဲ့ဆရာတော်တစ်ပါးက သူ့ရှေ့မှာ ဝဲနဲ့ယာ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေတဲ့ လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို အခု သူတို့ ကျောင်းတော်ကို အခုလိုရောက်လာတာဟာ နိုင်ငံကိုကယ်တင်ဖို့ဖြစ်တယ်ဆိုပြီး ပြောလိုက်ပါတယ်။ ကြင်ဖော်ကြင်ဖက်တွေ့၊ တနေ့မှာ ရင်သွေးရတနာရတဲ့အထိ ကြိုးစားပြီး နိုင်ငံကို ကယ်တင်မှုကြီး လုပ်ရမှာလို့လည်း ဆရာတော်က မိန့်ပါတယ်။

ဆရာတော်ရဲ့အခုလိုစကားကို ကြားရတော့ ရှေ့မှာထိုင်နေတဲ့လူငယ်တွေ တစ်ယောက်ကို တစ်ယောက် ခိုးကြည့်ပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်ကြပါတယ်။

ဒါက တောင်ကိုရီးယားရဲ့ ရုပ်သံရှိုးပွဲ ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ တကယ့် လက်တွေ့ဘဝမှာ ဖူးစာဖက်ရှာပေးတဲ့တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒီပွဲကို တောင်ကိုရီးယားက နာမည်ကျော် ပယ်လဂွန်ဆယ်တောင် သစ်ရိပ်ဝါးရိပ်အောက် ကျောင်းတော်တစ်ခုထဲ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီလူငယ်တွေဟာ လာမယ့် နာရီပေါင်း ၃၀ အတွင်း ပြုလုပ်မယ့်အစီအစဉ်တွေမှာပါဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်း အနေအထားကနေ မေတ္တာသက်ဝင်သွားကြတဲ့အထိ ဖြစ်မလားဆိုတာကို ကြိုးပမ်းကြရမှာပါ။

''တောင်ကိုရီးယားမှာ နိုင်ငံတော် ဒုက္ခသုက္ခရောက်ပြီး အကျပ်အတည်းတွေ့တိုင်း ပထမဆုံး ရှေ့ထွက်လာသူတွေကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေပါပဲ'' လို့ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ ယိုးချိုးဂျု က ပြောပါတယ်။

သက္ကရာဇ် ၁၅၀၀ ဝန်းကျင်ကာလတုန်းက ဂျပန်ကျူးကျော်သူတွေကို တောင်ကိုရီးယားက ခုခံ ကာကွယ်တဲ့အခါမှာ ပြန်လည်တိုက်ခိုက်ခဲ့တဲ့ဘုန်းကြီးတွေကို လက်ခံထားခဲ့တဲ့အခုကျောင်းတော်ကို ရည်ညွှန်းပြီး သူက ပြောလိုက်တာဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ တောင်ကိုရီးယားကြုံနေရတာက ပြည်ပခြိမ်းခြောက်မှုရန် မဟုတ်ပါဘူး။

''ကလေးမွေးဖွားနှုန်း ကျဆင်းနေတာက အမျိုးသားရေးအကျပ်အတည်းဖြစ်နေပါပြီ။ ဒီတော့ ဒါနဲ့ပတ်သက်ပြီး တစ်ခုခု လုပ်မှရတော့မယ်လေ'' လို့ ယိုးက ပြောပါတယ်။

ဗီဒီယို ပုံစာ, ရုပ်သံ - ဘုန်းတော်ကြီးတွေက တောင်ကိုရီးယားက တစ်ကိုယ်ရည် အပျိုလူပျိုတွေကို ဖူးစာဖက် ဘယ်လိုရှာပေးနေလဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာပေါ်က နိုင်ငံအချို့လိုပဲ တောင်ကိုရီးယားဟာလည်း ကလေးမွေးနှုန်းကျဆင်းတာနဲ့ ရင်ဆိုင်နေရတာပါ။

တကယ်တော့ အသက်ကြီးသူနှုန်းမြင့်တက်လာနေတဲ့တောင်ကိုရီးယားမှာ လူဦးရေ အချိုးအစားကို ထိန်းထားနိုင်ဖို့ဆိုရင် အမျိုးသမီးအယောက် ၁၀၀ မှာ ကလေးယူနှုန်း ၂၁၀ ရှိရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ တောင်ကိုရီးယားမှာ အမျိုးသမီး ကလေးယူနိုင်တဲ့ပျမ်းမျှနှုန်းဟာ အယောက် ၁၀၀ မှာ ၇၂ ယောက်အထိ ကျဆင်းနေတာဖြစ်ပါတယ်။

တချို့ကတော့ အိုးအိမ် ထူထောင်ဖို့ ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ကလေးစောင့်ရှောက်မှုအတွက် ငွေကြေး ထောက်ပံ့မှု ကင်းမဲ့နေတဲ့အချက်တွေဟာ လူတွေ ကလေးယူနှုန်း ကျလာတဲ့အကြောင်းရင်းဆိုပြီး ပြောကြပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင် ထူထောင်တာထက် ဘဝတိုးတက်ရေးကို ပိုပြီး ဦးစားပေးလာတာ၊ ဒါမှမဟုတ်လည်း အိမ်ထောင်မပြုဖို့ ရွေးချယ်လာကြတာကြောင့် ဖြစ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားလူငယ်တွေဟာ လက်တွေ့မှာလည်း အပြင်ထွက်ပြီး ရည်းစားရှာဖွေတာ အရင်ကထက် နည်းလာတယ်လို့ လေ့လာချက်တွေက ဖော်ပြနေပါတယ်။ တချို့က တစ်ကိုယ်ရည်ဖြတ်သန်းဖို့ ရွေးချယ်ကြသလို အများစုကလည်း ဖူးစာကြင်ဖက်ရှာဖို့ ခက်နေကြတာကြောင့် လက်ထပ်ထိမ်းမြားနှုန်းလည်း ကျဆင်းနေပါတယ်။

တောင်ကိုရီးယားကတော့ ကလေးမွေးသူတွေအတွက် ငွေသားထောက်ပံ့တာ၊ မီးဖွားခွင့်ရက်ရှည်ပေးတာ၊ ကြင်စဦးမောင်နှံတွေအတွက် အိမ်ခန်း ဖယ်ပေးထားတာမျိုးလို့ အစီအစဉ်တွေ လုပ်နေပါတယ်။

ဒီအချိန်မှာ ဒေသန္တရအစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့တွေက နောက်တစ်ဆင့်တက်ပါတယ်။ ဒွန်ဝါဆာ ကျောင်းမှာလို ဖူးစာဖက်ရှာပေးတဲ့ပွဲတွေလို ပြုလုပ်လာကြပါတယ်။

တကယ်တော့လည်း ဒီလိုပွဲမျိုးဟာ မြင်ရတာထက် ပိုပြီး ပျော်စရာကောင်းနေပါတယ်။

ဒွန်ဝါဆာ ကျောင်းတော်ကို ကောင်းကင်ကနေ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, စိမ်းစိုစိုတောတွေနဲ့ပတ်လည်၀ိုင်းနေတဲ့ကျောင်းတော်
တောင်ကိုရီးယား လူငယ် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးကို သစ်သား ဆင်ဝင်အောက်မှာမြင်တွေ့ရတာဖြစ်ပါတယ်။ သူတိုထိုင်နေတဲ့နေရာဟာ သစ်သစာတိုင်တွေနဲ့ဆောက်လုပ်ထားတဲ့ကျောင်းဆောင်တစ်ဆောင်ရဲ့အောက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, ပွဲမှာ ပါဝင်သူတွေဟာ လူပေါင်း ၁၆၀၀ ထဲကနေ ရွေးချယ်ထားတာဖြစ်ပါတယ်

ဗုဒ္ဓဘာသာနာမည် ဆွန်းဟဲဂျီလို့ ခေါ်တဲ့ ကင်မ်အာကျွန်းက ဒီကျောင်းတော်ကို အစောဆုံးရောက်လာကြသူတွေထဲက တစ်ယောက်ပါ။

အသက် ၂၈ နှစ်အရွယ် ဆွန်းဟဲဂျီတစ်ယောက် ကျောင်းတိုက်ဝင်းထဲက လေသာဆောင် ဆင်ဝင်အောက်မှာ ထိုင်ပြီး နောက်မှာ တဖြည်းဖြည်းရောက်လာကြသူတွေကို ခရီးဦးကြိုပါတယ်။

တကယ်တော့ သူတို့ အားလုံးဟာ ဒီကျောင်းတော်ကို လွယ်လွယ်ရောက်လာကြတာတော့မဟုတ်ပါဘူး။ အိမ်ထောင်ပြု ကလေးယူဖို့ ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားကြလဲဆိုတာကို ရှင်းပြတဲ့ ကိုယ်တိုင်ရိုက်ဗီဒီယိုတွေနဲ့ မေးခွန်းပေါင်းစုံကို ဖြေကြ ပို့ခဲ့ကြအပြီးမှ အခုအဆင့်ကို ရောက်လာကြတာပါ။ ဒီနေရာကို ရောက်ဖို့ ဝင်ပြိုင်တဲ့ လူပေါင်း ၁၅၈၀ ကို သူတို့ ကျော်ဖြတ်ခဲ့ရတာပါ။

ရုံးဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ဆွန်းဟဲဂျီက အလုပ်လုပ်ချိန်တုန်းကဆိုရင် မြို့တော်ဆိုးလ်မှာ ကြင်ဖော်ရှာဖို့ ခက်နေသူပါ။

''ရည်းစား ထားဖို့ဆိုတာ အခွင့်အရေး နည်းနည်းတောင်မရှိခဲ့ဘူး'' လို့ သူက ပြောပါတယ်။ ''အလုပ်နဲ့ အိမ်ကြားပဲ ပတ်ခြာလည်နေတယ်။ အပျော်အပါးဆိုတာလည်း မရှိဘူး။ တစ်ကြိမ်တော့ ကြိုးစားရှာ ကြည့်ခဲ့တာတော့ ရှိပါတယ်။ အဲဒါကလည်း တစ်ကြိမ်ပဲ လူချင်းတွေ့ စကားပြောတာဆိုတာမျိုးပါ'' လို့ သူက ပြောပါတယ်။ သူ့ရုံးမှာဆိုရင်လည်း အမျိုးသားတွေက သူ့ထက် အသက်ကြီးတဲ့သူတွေပါ။

တောင်ကိုရီးယားမှာ သမီးရည်းစားရဖို့ ခက်ပါတယ်။

ကျောင်းမှာ၊ အလုပ်မှာ၊ နောက် မိသားစုနဲ့ သူငယ်ချင်းတွေ စပ်ဟပ်ပေးတာကြောင့်မျိုး မဟုတ်ရင် ချစ်သူရှာဖို့ အတော်လေးခက်ပါတယ်။ ဒါကြောင့် မြို့ကြီးပြကြီးမှာ ဒီလို ချစ်ရေးချစ်ရာပြောဖို့ဟာ ရှေ့တန်းမရောက်တဲ့ကိစ္စအသေးအမွှားဖြစ်သွားပါတယ်။ နောက်ပြီး ရည်းစားရှာတဲ့အက်ပလီကေးရှင်းတွေဟာလည်း နာမည်မကြီးလှပါဘူး။ ဒါကြောင့် ၂၀၁၅တုန်းကဆိုရင် တင်ဒါ (Tinder) ဟာ တောင်ကိုရီးယားမှာ လူငယ်တွေ သုံးစွဲလာအောင် သူငယ်ချင်းရှာပေးတဲ့အက်ပလီကေးရှင်းမျိုးအဖြစ် ဆွဲဆောင်ပါတယ်။

အန်ညို ဆိုတဲ့နာမည်နဲ့ ခွမ်ဆောင်အိုက အသက် ၃၀ ပါ။ သူက လူစိမ်းတစ်ယောက်ကို အွန်လိုင်းမှာ ဆုံကြည့်မယ်ဆိုတဲ့စိတ်ကူးမျိုးကို အမြဲတမ်း ဘေးဖယ်ထားတဲ့သူပါ။

သူ့ သူငယ်ချင်းတွေက သူ့ကို လူစိမ်းတွေနဲ့ ၁၀ ကြိမ်လောက် အောင်သွယ်တော်လုပ်ပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုတွေမှာ ရင်ထဲ နှစ်နှစ်ကာကာ မပါဘူးဆိုတာမျိုးကိုပဲ သူ ကြုံခဲ့ရပါတယ်။ ပြီးတော့ ဒေဂူးမြို့ပြင်မှာ ရှိတဲ့ သူအလုပ်လုပ်နေတဲ့ နို့ထွက်ပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးနီးပါးကလည်း အမျိုးသားတွေချည်းဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဒွန်ဝါဆာ ကျောင်းက ဖူးစာဖက်ပွဲကို သူ ရောက်လာရတာဖြစ်ပါတယ်။

ကျောင်းဆောင်တစ်ခုထဲမှာ လူအချို့ ကြမ်းပြင် ကူရှင်တွေပေါ် ပစောက်သဏ္ဍာန် ထိုင်နေကြပြီး ဆရာတော် ၃ ပါးကလည်း ကင်မရာကို ကျောပေးရပ်နေ

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, ဒီတွေ့ဆုံပွဲမှာ ပါဝင်သူတွေဟာ ရည်းစားရှာရတာ ခက်ခဲတယ်လို့ သိကြတဲ့လူတွေဖြစ်တာကြောင့် နောက်ဆုံးမှာ ဆရာတော်တွေရဲ့အကူအညီကို ယူလာကြတာဖြစ်ပါတယ်

ကြင်နာယဉ်ကျေးစွာ ပြုမူဆက်ဆံကြပုံကို နေ့သစ် မစခင်ကတည်းက ကျောင်းဝင်းထဲ မြင်နေရပြီဖြစ်ပါတယ်။

ကျောင်းဝင်းထဲကို အမျိုးသမီးတွေ ဝင်လာကြတဲ့အခါ သူတို့ရဲ့ရည်းစားဖြစ်လာနိုင်ခြေရှိတဲ့သူတွေဟာ ဒီအမျိုးသမီးတွေရဲ့ ခရီးဆောင်အိတ်ကို ကူသယ်ပေးနေကြတာကို မြင်နေရပါပြီ။

အန်ညိုဟာ ဒီမှာ သူနဲ့စိတ်ချင်းဆက်မယ့်လူကို ရှာတွေ့ဖို့ ရည်မှန်းထားပါတယ်။ ဒီနေ့ရဲ့ ပထမဆုံး လုပ်ရတဲ့အစီအစဉ်ထဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြတဲ့အခါ အန်ညို တစ်ယောက် သူကိုယ်တိုင် ဖုတ်လာတဲ့ပြင်သစ်ပုံစံသွားရည်စာတွေကို ကမ်းကျွေးပါတယ်။ ဒီတော့ သူ့ကို အားလုံးက ချီးကျူးသံတွေလည်း ထွက်လာပါတယ်။

အဲဒီနောက်မှာတော့ ပထမဆုံး တွေ့ဆုံမှု ရောက်လာပါတယ်။ ဆွန်းဟဲဂျီကို မင်ဟိုနဲ့ တွဲပေးပါတယ်။ မင်ဟိုက ၃၂ နှစ်အရွယ် ခပ်အေးအေး အစိုးရဝန်ထမ်းတစ်ယောက်ပါ။ သူတို့နှစ်ယောက် ကျောင်းပတ်၀န်းကျင်က သစ်ရိပ်ဝါးရိပ်လမ်းလေးပေါ် လျှောက်ကြပါတယ်။ သီးသီးသန့်သန့် စကားပြောနိုင်ဖို့ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသားတွေကို အမျိုးသမီးတွေဆီ ပလက်စတစ်နှင်းဆီပန်းတစ်ပွင့် ပေးခိုင်းပါတယ်။ ဘယ်သူနဲ့ နေ့လယ်စာအတူ စားချင်လဲဆိုတာမျိုး ကမ်းလှမ်းတာပါ။ မင်ဟိုက အသက် ၂၈ နှစ်အရွယ် ဒီဇိုင်နာ ရူဘီကို နှင်းဆီပန်းပေးပါတယ်။ ရူဘီကလည်း ပျော့ပျော့ပြောင်းပြောင်းမို့ သူတို့နှစ်ယောက် လိုက်ဖက်ညီသလိုဖြစ်နေပါတယ်။

ထမင်းစားကြတော့ ပြုံးကြရယ်ကြရှိကြပါတယ်။ တစ်ယောက်အကြိုက်ကို တစ်ယောက်က သိခဲ့ကြပါတယ်။ အလုပ်အကိုင်၊ နောက်ပြီး ဘယ်ဇာတ်လမ်းတွဲကြိုက်လဲဆိုတာမျိုးအထိ သိသွားကြပါတယ်။ ဖွင့်ဟ စကားဆိုလာကြတော့ အားလုံးက တဖြည်းဖြည်းပွင့်လင်းလာကြပါတယ်။

နေ့လယ်စာ စားလို့အပြီးမှာ ပန်းကန်ခွက်ယောက်တွေ အတူတူဆေးကြောကြတဲ့အခါ အစောပိုင်းတုန်းကလိုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းနည်းနည်း ကပ်နေကြပါပြီ။

ဒါပြီးရင်တော့ နောက် အစီအစဉ်တစ်ခုရှိနေပါသေးတယ်။ အဲဒါက အဆို အတီး ဘယ်အပိုင်းကို ပိုင်နိုင်ကြောင်း ပြသဖို့ပါ။

ကျောင်းတော်က ဖူးစာပွဲမှာ ပါဝင်သူတွေဟာ ထိုင်ပြီး ဂီတ အတီးအမှုတ်ပြုလုပ်နေပါတယ်။ တစ်ယောက်က မိုင်ကရိုဖုန်းကို ကိုင်ထားပြီး နောက်တစ်ယောက်က ဂစ်တာတီးနေ၊ တခြား တက်သူတွေကတော့ ကြမ်းပြင်မှာ ကူရှင်ပေါ် ထိုင်နေကြ။ သူတို့နောက်မှာတော့ ကိုရီးယားလို ရေးထားတဲ့ စာတန်းကြီးကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, နေ့လယ်ခင်းမှာတော့ ကကြ ခုန်ကြ သီဆိုကြတဲ့အပိုင်းရောက်လာပါတယ်
အစိမ်းရောင် အပေါ်ထည် ဝတ်၊ အနက်ရောင် အင်္ကျီလက်ရှည်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦး ကျောင်းဆောင်တစ်ခုထဲမှာမြင်ရ။ နောက်အမျိုးသားတစ်ယောက်ကတော့ ကင်မရာကို ကျောပေးထား

ဓာတ်ပုံ ရင်းမြစ်, BBC / Hosu Lee

မင်ဟိုက အရင်ဆုံး သီဆိုပါတယ်။ 2pm အဖွဲ့ရဲ့နာမည်ကြီးသီချင်း My House ကို သူဆိုတာပါ။ အဲဒီသီချင်းထဲမှာ ''မင်းကို ငါ့အိမ်ကို ခေါ်သွားချင်တယ်'' ဆိုတဲ့သီချင်းစာသားပါပါတယ်။

ဆန်းဟဲဂျီကတော့ ပေါ့သီချင်းအသစ် Catch Catch ကို ဆိုပါတယ်။ အန်ညိုကတော့ အချစ်သီချင်း အေးအေးကို ဆိုပါတယ်။ ရူဘီကတော့ သူ့ရဲ့ စပိန်လိုပြောဆိုနိုင်စွမ်းကို ထုတ်ပြပါတယ်။ နောက်အမျိုးသမီးတစ်ယောက်ကလည်း ပုလွေတစ်ခု ယူပြီး ကေပေါ့ ဒီမွန် ဟန်တားစ် ရုပ်သံဇာတ်လမ်းတွဲထဲက သီချင်းတစ်ပုဒ်ကို တီးမှုတ်ပြပါတယ်။

ပွဲမှာပါဝင်သူတွေအတွက် အစီအစဉ်တွေ တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်စီစဉ်ထားတာပါ။

လက်ဖက်ရည်ထိုင်သောက်ကြတာ မတိုင်ခင်အထိ အစီအစဉ်တစ်ခုနဲ့တစ်ခုကြားမှာ မိနစ်ပိုင်းပဲ နားပါတယ်။

အဲဒါတွေပြီးရင်တော့ ညစာအတွက် ကိုယ်အတူ စားသုံးချင်တဲ့အမျိုးသားကို အမျိုးသမီးတွေက ရွေးချယ်ရတဲ့အစီအစဉ်ရောက်ပါတယ်။

ဆန်းဟဲဂျီက မင်ဟိုကို နှင်းဆီနီပေးပါတယ်။ အန်ညိုကိုတော့ ဘယ်အမျိုးသမီးကမှ မရွေးပါဘူး။ အဲဒီတော့ အန်ညိုဟာ သူ့လိုပဲ အရွေးမခံရတဲ့တခြားလူတွေနဲ့အတူ ညစာထိုင်စားလိုက်ရပါတယ်။

နောက်ဆုံးမှာတော့ တစ်နေ့တာ လှုပ်ရှားမှုတွေ အဆုံးမသတ်ခင်မှာ သက်ကြီးဝါကြီး ဆရာတော် တစ်ပါးက သြဝါဒပေးပါတယ်။ အခုအစီအစဉ်မှာပါဝင်သူတွေအနေနဲ့ လက်ဆက်ပြီး သားသမီးရတနာ ထွန်းကားအောင်လုပ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း နိုင်ငံတော်သီချင်းမဆိုခင်မှာ သြဝါဒ ပေးတာပါ။

ကိုရီးယားရိုးရာ ဘုန်းတော်ကြီးကျောင်းမှာ အဝင်မှာ ထိုင်နေတဲ့ သင်္ကန်းရုံ ဆရာတော် တစ်ပါး မျက်မှန်တပ်ထားတာကိုတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, ကျောင်းတိုက်က ကိုယ်တော်တွေကတော့ အခုလိုအောင်သွယ်တော်လုပ်ပေးတာဟာ နိုင်ငံအတွက် အလုပ်အကျွေးပြုတာလို့ဆိုပြီး မှတ်ယူထားပါတယ်

ကိုရီးယားအာဏာပိုင်တွေဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက အောင်သွယ်တော်လုပ်ပေးတဲ့ပွဲတွေကို ကျင်းပလာတာဖြစ်ပါတယ်။ ပန်းပုလုပ်ငန်းခွင်ကနေ တဆင့် အောင်သွယ်တော် လုပ်ပေးတာကစလို့ ဒီဂျေည ပွဲခင်းအထိ မျိုးစုံ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအားထုတ်နေပေမဲ့ အစိုးရရဲ့ကလေးမွေးနှုန်းမြင့်ရေးအစီအစဉ်တွေဟာ ၂၀၀၆ ခုနှစ်ကတည်းကဆိုရင် ဒေါ်လာ ဘီလျံ ၂၅၀ အထိ ကုန်သွားပြီဖြစ်ပေမဲ့ မွေးဖွားနှုန်း ကျဆင်းနေတုန်းဖြစ်ပါတယ်။

ဒါက ၂၀၂၄ ခုနှစ်မတိုင်ခင်အထိဖြစ်ပါတယ်။ အခုတော့ အမျိုးသမီးတွေ ကလေးယူနှုန်းဟာ နည်းနည်းလေးတက်လာပါတယ်။ ၂၀၂၄ ခုနှစ် မတိုင်ခင်တုန်းက အမျိုးသမီးတစ်ဦးက ကလေး ၁ ဦးကိုတောင် မယူတဲ့နှုန်းကနေ ဒီနှစ်မှာ အမျိုးသမီးတစ်ဦးက ကလေး ၁ ဦးယူတဲ့နှုန်းဖြစ်လာပါတယ်။

ဒါဟာ အစိုးရလုပ်နေတဲ့ရှေ့ဆောင်အစီအစဉ်တွေကြောင့်လားဆိုတာ မသဲကွဲပါဘူး။ အာဏာပိုင်တွေကတော့ ဒါဟာ ကပ်ဘေးကာလတုန်းက မင်္ဂလာပွဲတွေနဲ့ ကလေးယူတာတွေ ဆိုင်းထားကြပြီး အခုမှ ပြန်လည်စတင်တာကြောင့်ဖြစ်နိုင်တယ်လို့ မှတ်ယူထားတာလည်း ရှိပါတယ်။ ပြီးတော့ အခုဆို တစ်ချိန်က မွေးခဲ့ကြတဲ့ကလေးငယ်တွေ အရွယ်ရောက်ပြီး ကိုယ့်ရင်သွေး ကိုယ်ချီကြတဲ့အသက်ရောက်တာကြောင့်လည်းဖြစ်နိုင်ခြေရှိတယ်လို့ မှတ်ယူထားပါတယ်။

ဒါပေမဲ့ အမြင်သဘောထားအပိုင်းမှာလည်း အပြောင်းအလဲဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ မတ်လတုန်းက လုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာဆိုရင် အမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကထက်စာရင် အိမ်ထောင်ပြု၊ ရင်သွေးမွေးဖွားလိုစိတ်ရှိတဲ့အကြောင်း ပြသကြတယ်လို့ဆိုပါတယ်။

ပွဲမှာပါဝင်တဲ့ ရူဘီနဲ့ မင်ဟိုတို့ အစိမ်းရောင် အပေါ်ထည်ဝတ်၊ ကျောင်းဝင်းထဲမှာ လက်နှစ်ဖက်ကို အသည်းပုံသဏ္ဍာန်ပြသနေကြ

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Leee

ဓာတ်ပုံ ပုံစာ, အစိုးရဝန်ထမ်း မင်ဟို (ညာဘက်)ကို နောက်ပိုင်းမှာ ရူဘီ (ဘယ်ဘက်)နဲ့ တွဲပေးခဲ့တာကြောင့် ဆန်းဟဲဂျီတစ်ယောက် စိတ်ပျက်ခဲ့ရ

ဒီအမြင်ကို ကျောင်းတိုက်ဝင်းထဲရောက်လာကြတဲ့အမျိုးသမီးတချို့ကလည်း သူတို့နဲ့တူညီတယ်လို့ပြောကြပါတယ်။ သူတို့ သူငယ်ချင်းတွေဟာ လက်ထပ်ထိမ်းမြားပြီး ရင်သွေးတွေ ယူနေကြပြီဆိုတာကို လူမှုကွန်ရက်ပို့စ်တွေမှာ ပိုမြင်လာရတယ်လို့ဆိုပါတယ်။

လတ်တလော ဒီညနေခင်းမှာတော့ အောင်သွယ်တော်ပွဲမှာ နောက်ဆုံးလုပ်ရမယ့် အကျော့တစ်ခု ကျန်နေပါတယ်။ ဒါပေမဲ့ ပါဝင်သူတွေကြားမှာတော့ စိတ်လျော့ထားကြတဲ့ပုံ ပေါ်နေပါပြီ။

ပွဲကို စီစဉ်တဲ့ ယူးကတော့ ရင်ဘတ်ချင်းနီးသူနဲ့ တွေ့ဖို့ အချိန်ကျန်နေသေးတယ်လို့ ပြောပါတယ်။

ည ၁၀ နာရီမှာ အိပ်ယာဝင်ရမယ်ဆိုတာက အကြံပြုချက်သက်သက်ဖြစ်ဖြစ် ညဟာ အံ့သြဖွယ်ရာတွေနဲ့ပြည့်နေမှာလို့ သူက ပြောပါတယ်။

ယူးပြောတာ မှန်တယ်လို့ ယူဆတဲ့ ပွဲဝန်ထမ်း တစ်ယောက်လည်း ပွဲမှာလာရောက်ပါဝင်တဲ့သူ တစ်ဦးဦးနဲ့ ဖူးစာဖက်ဖြစ်နိုင်မလားဆိုပြီး ကြိုးစားချင်ပုံပေါ်နေပါတယ်။ ချစ်သူရည်းစားကောင်လေး လိုချင်တယ်ဆိုတာကို သူက ယုံကြည်ပေမဲ့ ဆက်ဆံရေးဟာ တာရှည်ခံမှာမဟုတ်ဘူးဆိုတဲ့အမြင်မျိုးလည်း သူ့မှာရှိနေပါတယ်။

ရူဘီကတော့ မင်ဟိုနဲ့ လမ်းလျှောက်ဖို့ ထွက်သွားပါတယ်။ ဆန်းဟဲဂျီကတော့ ပင်ပန်းနေပုံပေါ်ပါတယ်။

ဖူးစာဖက် မတွေ့တဲ့ အန်ညိုနဲ့ တခြားလူတွေကတော့ တစ်ယောက်ပြီး တစ်ယောက် တပ်ခေါက်သွားကြပါပြီ။

တောင်ခြေက ညနေရီရီမှာ မီးမှိန်မှိန်ထွန်းထားတဲ့ ကိုရီးယားကျောင်းဆောင်တစ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee

ဓာတ်ပုံ ပုံစာ, ရင်သပ်ရှုမောစရာ ဒီကျောင်းတော်မှာ ပြုလုပ်တဲ့ ဖူးစာဖက်ရှာပွဲထဲ ပါဝင်သူ ၂၄ ဦးထဲက ၁၆ ဦးဟာ ကြင်ဖော်ကြင်ဖက်လောင်းတွေတွေ့ခဲ့ကြပါတယ်

နောက်တစ်နေ့မနက်မှာတော့ အားလုံးဟာ စလိုက် နောက်လိုက် စကားပြောလိုက်ကြဖြစ်နေပါပြီ။ ပြီးတော့ သူတို့ နောက်ဆုံး ဘယ်လို ဆုံးဖြတ်လိုက်တယ်ဆိုတာကို ယူးကို စာပို့ပါတယ်။

ဖူးစာဖက်ရှာဖွေပွဲ အဆုံးသတ်မှာတော့ စုံတွဲ ၈ တွဲပေါ်လာပါတယ်။ အဲဒီထဲမှာ ၂ တွဲက ပွဲကျင်းပတဲ့ဝန်ထမ်းနဲ့ ပါဝင်တဲ့လူတွေ ရည်ငံသွားကြတာပါ။

အန်ညို တစ်ယောက်တော့ ဖူးစာဖက် မတွေ့လို့ စိတ်ပျက်နေတဲ့ပုံပါ။ ဒါပေမဲ့ သူ အရှုံးမပေးသေးပါဘူး။ နောက်တစ်ကြိမ် ပါဝင်ခွင့်ပေးမယ်ဆိုရင် အခုလိုပွဲမျိုးမှာ ပါဝင်လိမ့်ဦးမယ်လို့ သူက ပြောပါတယ်။

ဆန်းဟဲဂျီကတော့ ရွှင်ရွှင်ပျပျပါ။ သူ မနက် ၃ နာရီအထိ မအိပ်ဘဲ တခြားအမျိုးသမီးတွေနဲ့အတူ အခန်းထဲမှာ စကားလက်ဆုံပြောမကုန်ဖြစ်ခဲ့ပါတယ်။ ''ကျွန်မ သူငယ်ချင်းတွေ တိုးသွားတယ်'' လို့ ပြောပြီး နေ့လယ်စာ တစ်ခါလောက် အတူစားကြဖို့တောင် စီစဉ်ကြပြီးပြီလို့ဆိုပါတယ်။

သူ့အတွက်တော့ အခုအတွေ့ကြုံဟာ သူငယ်ချင်းမိတ်ဆွေအိမ်မှာ အပျော်သက်သက် အိမ်ကူးညအိပ်သလိုပဲလို့ ဆိုပါတယ်။ ရွေးချယ်စရာရှိတာတွေ ရဲရဲဝင့်ဝင့် ရွေးချယ်မိတဲ့ ဆယ်ကျော်သက်တစ်ယောက်လို ပြန်ခံစားမိစေတယ်လို့ဆိုပါတယ်။

တစ်ကိုယ်တည်း လူပျိုအမျိုးသားတွေကလည်း ဒါကို သဘောတူပါတယ်။ သူတို့လည်း အချင်းချင်း ချိန်းပြီး စားကြသောက်ကြဖို့ ရှိပါတယ်။

ဖူးစာဖက်အစီအစဉ်မှာ ပါသူအားလုံး ဖူးစာတွေ့သွားတာမျိုးတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အားလုံးကတော့ သူတို့တွေမှာ အရင်က မရှိဘူးတာတွေ ကပ်ပါသွားပါတယ်။ အဲဒါတွေထဲ မိတ်သစ်ဆွေသစ်နဲ့ ယုံကြည်မှုအသစ် တိုးပွားလာတာတွေဖြစ်ပါတယ်။