ဘန်ကောက်ရထားတိုက်မှုက ဒဏ်ရာရ မြန်မာတစ်ဦးကို ထောက်ပံ့ကြေးပေးဖို့ ထိုင်းအာဏာပိုင်တွေ ရှာဖွေနေ
ဘန်ကောက်ရထားတိုက်မှုမှာ ဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲက မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအစိုးရ ထောက်ပံ့ကြေးပေးလိုတဲ့အတွက် ရှာဖွေနေတယ်လို့ ဘန်ကောက်မြို့၊ ဖက်ချဘူရီ (Phetchaburi) ခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
ဖက်ချဘူရီခရိုင်အုပ်ချုပ်ရေးရုံးက အစိုးရထောက်ပံ့ကြေးပေးအပ်လိုတဲ့မြန်မာနိုင်ငံသားအမည်က စောခင်မောင်ဝင်း လို့သိရပြီး သူ့အနေနဲ့ ဆက်သွယ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပါတယ်။
မေလ ၁၆ ရက်က ဖြစ်ခဲ့တဲ့ ရထားတိုက်မှုမှာ အနီးနားက ကားနဲ့ ဆိုင်ကယ်စီးလာသူ လူ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ မြန်မာ ၅ ဦး ပါဝင်ခဲ့ပါတယ်။
အဲဒီမြန်မာ ၅ ဦးထဲမှာ ဒဏ်ရာရလို့ ဆေးကုသမှုခံယူပြီး ဆေးရုံကနေ ဆင်းသူတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ဘန်ကောက်မြို့၊ ကမ်မီလီယာဆေးရုံကနေ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းသွားတာလို့ ဖက်ချဘူရီခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ရထားတိုက်မှုဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေက တိတိကျကျစုံစမ်းမယ်လို့ ပြောပြီး ဘန်ကောက်မြို့ ရထားသံလမ်းဖြတ်တဲ့နေရာတွေမှာ သတိပေးချက်တွေ အလုပ် လုပ် မလုပ်ဆိုတာကိုလည်း အမြန်ဆုံး စစ်ဆေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောထားပါတယ်။
ထိုင်းအစိုးရကတော့ ရထားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝ၀ ပေးမယ်လို့ ပြောပြီး ထောက်ပံ့ကြေးလည်း ဆက်ပေးသွားဖို့ ရှိတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။