မေလ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ်၊ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မေလ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲမှာဖြစ်ခဲ့တဲ့ တရုတ်အလုပ်ရှင်တွေက မြန်မာအလုပ်သမားတစ်ဦးကို ရေနွေးပူလောင်းကာ ရိုက်နှက်တဲ့အမှုမှာ ပါဝင်သူလို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသား ၁ ဦး လွတ်မြောက်နေဆဲလို့ အမှုကိစ္စ လိုက်ပါကူညီနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လစာပုံမှန်မရတာကြောင့်လို့ဆိုပြီး တရုတ်နိုင်ငံသားပိုင်ဆောက်လုပ်ရေးလုပ်ငန်းကနေ အလုပ်ပြောင်းရွှေ့ခဲ့တဲ့ မြန်မာလူငယ်ဟာ ကျန်ရှိလစာထုတ်ပေးမယ်လို့ဆိုတာကြောင့် အဲဒီလုပ်ငန်းခွင်ကို ဧပြီ ၃၀ ရက်မှာ သွားရောက်ချိန် ရေနွေးပူလောင်းတာနဲ့ ရိုက်နှက်ခံရတာတွေ ကြုံခဲ့ရတာလို့ အကူအညီပေးသူက ပြောပါတယ်။
“လယောင်ရဲစခန်းက ပထမ ဖမ်းမိတဲ့ တရုတ် ၂ ဦးကို အာမခံ ပေးထားတယ်။ ၃ ဦး ကိုတော့ အမှုနဲ့ပါဝင်ပတ် သက်မှု ရှိ မရှိစစ်ဆေးနေတယ်လို့ မနေ့က ရဲစခန်းကို သွားတဲ့အချိန်မှာ သိရပါတယ်။ အဓိက နှိပ်စက်တဲ့ ၁ ဦး ကတော့ လွတ်နေတုန်းပါပဲ” လို့ အမှုကိစ္စလိုက်ပါ ကူညီနေသူက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိရုံးက တာဝန်ရှိသူတချို့လည်း လယောင် ရဲစခန်းကို မနေ့က လာရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
မေ ၈ ရက်မှာ မြန်မာသံအမတ်က အလုပ်သမားလူငယ်ကို ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ခေါ် တွေ့ပြီး ထိုင်းနိုင်ငံ အလုပ်သမားဥပဒေနဲ့ အညီ တရားမျှတမှုရှိစေရေး၊ ပြစ်ဒဏ်ကျူးလွန်သူတွေအပေါ် ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ရေး၊ ထိုက်သင့်တဲ့ နစ်နာကြေး ရရှိနိုင်ရေးတို့ကို ကူညီ ပေးမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် မြန်မာလူငယ်ကတော့ ရေနွေးပူလောင်တာ၊ ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံရတာ၊ လက်သည်းခွံချွတ်ခံရတာကြောင့် ဖြစ်ခဲ့တဲ့ ဒဏ်ရာတွေကိုကုသနေဆဲဖြစ်ပြီး ဒီရက်ပိုင်းမှာ ဒဏ်ရာသက်သာလာပြီလို့ သိရပါတယ်။
ဒီအမှုကို အမှန်အတိုင်း စိစစ်ပြီး တရားမျှတမှုရဖို့ အလုပ်သမားဘက်ကရော လိုက်ပါကူညီနေတဲ့ မြန်မာအသိုင်းအဝိုင်းကပါ မျှော်လင့်နေကြပါတယ်။
ရန်ကုန်လေဆိပ်အပါအဝင် မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂ လအတွင်း ဖမ်းမိတဲ့ မူးယစ်ဆေးဝါးဟာ မြန်မာကျပ်ငွေ ၁၅ ဘီလျံကျော်ဖိုးအထိရှိနေတာကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဖမ်းဆီးတာတွေကို ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ ပဲခူးတို့မှာ ဧပြီနဲ့ မေလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုထဲ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မလေးရှားကို သယ်ဖို့ရည်ရွယ်တယ်လို့ဆိုတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရန်ကုန်လေဆိပ်မှာ ဖမ်းမိတဲ့ပမာဏဟာ မြန်မာကျပ်ငွေ ၂ ဘီလျံအထိရှိခဲ့ပါတယ်။ ရန်ကုန်လေဆိပ်ကနေ မလေးရှားကို သွားမယ့်သူတွေကို စတင်ဖမ်းမိတာကနေ ကွင်းဆက်ဖော်ထုတ်ပြီး ဖမ်းဆီးခဲ့တာလို့ မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဥ်နဲ့ဆက်စပ်တယ်လို့ဆိုပြီး မူးယစ်ရဲတပ်ဖွဲ့က လူ ၁၀ ဦး အထိ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားကို အိုက်စ် ပို့ဆောင်ဖို့ စေခိုင်းသူလို့ ရဲဘက်က စွပ်စွဲတဲ့ သီပေါမြို့နယ်၊ လင်တိရွာက လောက်ချီဆိုသူကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ဧပြီလအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖမ်းမိတဲ့ ဘိန်းဖြူ ၇၇ ကီလိုနဲ့ အဲဒီကွင်းဆက်နဲ့ဆက်စပ်အဖြစ် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ခြောက်ဘီးကားပေါ်မှာ စိတ်ကြွဆေးပြား ၄ သိန်း အထိ ထပ်ဖမ်းမိလို့ စုစုပေါင်း ပမာဏဟာ ငွေကျပ် ၁၀ ဘီလျံနီးပါးရှိခဲ့ပါတယ်။
ဒီဖြစ်စဥ်မှာ လူ ၉ ဦး ဖမ်းဆီးခံရပြီး ရှမ်းမြောက်ကနေ ကလေးမြို့ကို မူးယစ်ဆေးဝါးသယ်ဆောင်ဖို့ စေခိုင်းတဲ့ ကိုအောင်ဆိုသူကို ဖမ်းဆီးဖို့ကျန်ရှိတယ်လို့ မူးယစ်ရဲတပ်ဖွဲ့က မေ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၃ ရက်ထုတ်ပြန်ချက်အရ မြန်မာဟာ ၁၀ နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်လာတာ တွေ့ရပါတယ်။
၂၀၂၄-၂၀၂၅ ခုနှစ် ဘိန်းစိုက်ပျိုးရာသီအတွင်း မူးယစ်ရဲတပ်ဖွဲ့က ဘိန်းခင်း ၁,၉၁၇ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီထက် ၂၃ ရာခိုင်နှုန်းနည်းတယ်လို့ UNODC က ဆိုထားပါတယ်။
မြန်မာဟာ အာဏာသိမ်း ၅ နှစ်ကျော်အတွင်း အကျပ်အတည်းမျိုးစုံကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင်နေရတယ်လို့ မြန်မာ့ကက်သလစ်သာသနာပိုင် ရဟန်းအမတ်(ကာဒီနယ်) ချားလ်စ် မောင်ဘိုက သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကို ရောက်ချိန်မှာ ပြောကြားပါတယ်။
ဆစ်ဒနီမြို့မှာ မေလ ၈ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ သြစတြေးလျ ကက်သလစ်သာသနာပိုင်တွေ စုဝေးပွဲကို တက်ရောက် မိန့်ခွန်းပြောရင်း သူက အခုလိုပြောခဲ့တာလို့ ကက်သလစ်သာသနာသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီစုဝေးပွဲမှာ ကာဒီနယ်ချားလ်စ် မောင်ဘိုက မြန်မာဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် အလုပ်အကိုင်မဲ့ အကျပ်အတည်းတွေကို စုပြုံကြုံနေရတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံတလွှားပဋိပက္ခကြောင့် လူ ၃.၅ သန်းကျော်ပြည်တွင်းစစ်ရှောင်ဖြစ်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးနေချိန်မှာ ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတာ၊ နိုင်ငံ့နေရာအတော်အများများမှာ ပညာရေးနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မမီတာတွေကိုလည်း သူက ပြောခဲ့တယ်လို့ဆိုပါတယ်။
ဒီထဲမှာ မြန်မာလူငယ်တွေဟာ မလုံခြုံမှု၊ စိတ်သောကနဲ့ အနာဂတ်ပျောက်တာတွေ ခံစားနေရပေမဲ့ ‘‘ကျွန်ုပ်တို့ဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေထိုင်နေကြတယ်’’လည်း ကာဒီနယ်က သာသနာပိုင်တွေစုဝေးပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် မြန်မာပြည်သူတွေကို မမေ့ထားကြောင်း ပြသဖို့ကိုလည်း ကာဒီနယ်က သာသနာပိုင်တွေကို တိုက်တွန်းသွားပါတယ်။
ပြည်တွင်းမှာတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကျင်းပတဲ့ ခရစ်တော်နေ့တွေမှာ ကာဒီနယ် ဘိုဟာ အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ခရစ်တော်မွေးနေ့ကို ရန်ကုန်မှာ ကျင်းပလို့ ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။
ချင်း၊ ကရင်နဲ့ ကယား(ကရင်နီ)တို့မှာ စစ်တပ်ရဲ့ချိုးဖောက်မှုတွေအတွင်း ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘာသာဝင်တွေ တိုက်ခိုက်ခံရချိန်မှာ ခရစ်တော်မွေးနေ့ကို စစ်ခေါင်းဆောင်နဲ့အတူ ကျင်းပတာကြောင့် ဝေဖန်မှုကြုံရတာဖြစ်ပါတယ်။
ကာဒီနယ် ဘိုဟာ ဒီဝေဖန်မှုတွေကို နှုတ်ဆိတ်ခဲ့ပေမဲ့ မြန်မာမှာ ငြိမ်းချမ်းရေးရရှိပြီး အကျပ်အတည်းတွေ ပြန်လည်ဖို့ မျှော်လင့်ကြောင်း အခွင့်အခါသင့်တိုင်းမှာ ထုတ်ပြောလေ့ရှိပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲ ဧရာဝတီမြစ်အရှေ့ခြမ်းကပ်လျက်မှာ ရှိတဲ့ရွာ ၁၀ ရွာ ထက်မနည်းကို စစ်တပ်စစ်ကြောင်းက ရွာစဉ်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
အစောပိုင်းမှာ မြင်းခြံမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) ပူးပေါင်းအင်အားက မြို့ပေါ်နဲ့ တောပုရွာတို့မှာ တပ်စွဲထားကြတာဖြစ်ပါတယ်။
“မြစ်အရှေ့ခြမ်းက ရွာတိုင်းနီးပါးကို စစ်ကြောင်း ရောက်တယ်။ အထိုင်ချသွားတဲ့နေရာတော့ မရှိဘူး” လို့ ဧရာဝတီမြစ်အနောက်ခြမ်း၊ မြောင်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဦးဆောင်သူ ကိုနွေဦးမြောင်က ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲ ဝင်ရောက်ခဲ့တဲ့စစ်ကြောင်းဟာ မြင်းခြံမြို့နယ်နဲ့ကပ်လျက် ငါန်းဇွန်မြို့နယ်ထဲက မြို့သာတိုက်နယ်ဘက်ကို ဦးတည်နေတယ်လို့ သူက ပြောပါတယ်။
နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က မြို့နယ်ပေါင်း ၆၀ ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးဖို့ စစ်တပ်ကို လွှဲပြောင်းတဲ့အမိန့်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမြို့နယ်တွေထဲမှာ မန္တလေးတိုင်းထဲက ငါန်းဇွန်မြို့နယ်လည်း ပါဝင်ပါတယ်။
မေလထဲမှာ စစ်တပ်စစ်ကြောင်းဟာ ငါးဇွန်နဲ့ကပ်လျက်က မြင်းခြံမြို့နယ်ထဲကို အင်အား ၅၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး မြင်းခြံ-ဆီမီးခုံ လမ်းတလျှောက်ကို စစ်ကြောင်း ၂ ကြောင်း ဖြန့် ခွဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
မြင်းခြံ-ဆီမီးခုံလမ်းအတွင်းပိုင်းက ရွာ ၂၀ ထက်မနည်းကို မီးရှို့ခံရတာကြောင့် အိမ်ခြေထောင်ချီ ဆုံးရှုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်စစ်ရေးအရင်းအမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်ဘက်ကိုလည်း အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးနေပါတယ်။
တောင်သာမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) ပူးပေါင်းအဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်မှုကြောင့် မြင်းခြံခရိုင်ထဲက ဒေသကာကွယ်ရေးစစ်ကြောင်းတစ်ကြောင်းက တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးမှု ပြီးခဲ့တဲ့တစ်ပတ်မှာ ဖြစ်ပွားခဲ့ပါတယ်။
မြင်းခြံခရိုင်ထဲ စစ်တပ် စစ်ကြောင်း ဖြန့်ကြက်မှုအခြေအနေ ဘီဘီစီ သတင်းဖော်ပြချက်ကို ဒီလင့်ခ် မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား(OWIC)ကို အခြေခံတဲ့ကန့်သတ်ချက်တွေကြောင့် ပြည်ပထွက်မယ့်လုပ်သားတွေ ပြည်တွင်းမှာ ပိတ်မိနေချိန်မှာပဲ အဲဒီလုပ်သားတွေထဲက လူ ၆၀၀ ကျော်ကို OWIC ထုတ်ပေးမယ်လို့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
OWIC မှာ ပါတဲ့အချက်အလက်ကွဲလွဲချက်ကြောင့် အသစ်ပြန်လည်လျှောက်ထားရမယ့် အလုပ်သမားတွေထဲက အချက်အလက် စိစစ်ပြီးသူ လူ ၆၀၆ ရဲ့စာရင်းကို အလုပ်သမားဝန်ကြီးဌာနက မနေ့ညပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အခုခွင့်ပြုချက်ရတဲ့အလုပ်သမားတွေထဲမှာ မလေးရှားခွင့်ပြန် အလုပ်သမား ၄၉၂ ဦး၊ ဂျပန်ခွင့်ပြန် အလုပ်သမား ၁ ဦးနဲ့ စင်ကာပူခွင့်ပြန် အလုပ်သမား ၁၁၃ ဦး ဖြစ်ပါတယ်။
အခုတော့ ဒီလုပ်သား ၆၀၀ ကျော်ကို မေ ၁၁ ရက်နေ ၂၂ ရက်အထိ OWIC ကတ်တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့ လူတွေ့စစ်ဆေးချိန်မှာ စာရွက်စာတမ်းမမှန်ကန်ရင် ကတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ Safe Migration ရဲ့လူမှုကွန်ရက်တွေကနေလည်း ကြေညာထားပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ OWIC ကတ်ပါ အလုပ်ရှင်နဲ့ ခွင့်စာပါ အလုပ်ရှင်ကွဲလွဲချက်တွေရှိနေရင် ကတ်အသစ်ပြန်လည်လျှောက်ရမယ်လို့ တင်းကျပ်ခဲ့တာဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်ကြောင့် ပြည်တွင်းကနေ ပြည်ပထွက်ခွာခွင့် ကြန့်ကြာပြီး အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့အပေါ် ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဧပြီကနေ မေလပတ်အတွင်း OWIC ကတ်ပါ အချက်အလက်ကွဲလွဲနေတဲ့အလုပ်သမား ၃၅၁ ဦး ရှိနေတာဖြစ်ပါတယ်။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို မပြန်လာခင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ခွင့်စာပြပြီး ထောက်ခံစာယူပြီးမှ ပြန်လာရမယ်လို့ ဧပြီ ၂၈ ရက်မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
သုက်ပိုးမပါတာ၊ ဒါမှမဟုတ် ပျောက်နေတာမျိုးဖြစ်နေတဲ့ အမျိုးသားတွေမှာ သုက်ပိုးဆဲလ်တွေ တည်နေရာကို ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးပြု ရှာနိုင်ပြီဖြစ်လို့ ရင်သွေးရဖို့ နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းနေကြတဲ့စုံတွဲတွေအတွက် ကလေးရဖို့ အခွင့်အလမ်းဖြစ်လာပါတယ်။
Star(ကြယ်)လို့ အတိုကောက်နာမည်ရတဲ့ သုက်ပိုးနေရာသိအောင်လုပ်ပြီး သုက်ပိုးကို ဖမ်းယူ ထုတ်ယူတဲ့(Sperm Track and Recovery) နည်းပညာကြောင့် ဖြစ်ပါတယ်။ ဒါကို ကိုလံဘီယာတက္ကသိုလ်က တီထွင်တာဖြစ်ပါတယ်။ သုက်ပိုး မမြင်ရတဲ့အမျိုးသားတွေမှာ ပိုးခိုအောင်းနိုင်တဲ့နေရာကို သိအောင် နည်းပညာနဲ့ကြိုးပမ်းပြီး ထုတ်ယူတာဖြစ်ပါတယ်။
အမျိုးသားတွေမှာဖြစ်လေ့ရှိပြီး အိတ်ခရိုမိုဇုန်းအပိုပါတဲ့မျိုးဗီဇ လက္ခဏာစု Klinefelter ရှိတဲ့အမျိုးသားတွေရဲ့ သုက်ရည်မှာ သုတ်ပိုးနည်းနည်း ဒါမှမဟုတ် သုက်ပိုး လုံးဝ မပါတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးပညာအရ Azoospermia လို့လည်း ခေါ်ပါတယ်။ သားသမီး မရနိုင်တဲ့အမျိုးသား စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးမှာ ဒီလိုဖြစ်တာကို တွေ့ရပါတယ်။
အခုတော့ Star စနစ်ကြောင့် အထက်ပါမျိုးဗီဇရောဂါလက္ခဏာစုရှိတဲ့အမျိုးသားတွေမှာ ပုန်းအောင်းနေတဲ့ သုက်ပိုးအနည်းငယ်ကို သဲလွန်စလိုက်ပြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိအောင် လုပ်နိုင်ပြီဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ် ၊ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ခံနှစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်အကူးအပြောင်း မနက်အစောပိုင်းမှာ တိုက်လေယာဥ် ၂ စင်းနဲ့ ဗုံး ၂ လုံး မြို့ပေါ်ကို ကြဲချတယ်လို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“လေယာဥ် ၂ စင်းနဲ့ လာပစ်တာ ထိခိုက်သေဆုံးမှုရှိတယ်” လို့ သူကပြောပြီး ထိခိုက်မှုအခြေအနေကိုတော့အတိအကျ မပြောနိုင်သေးဘူးလို့ဆိုပါတယ်။
ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာလည်း တိုက်လေယာဥ်တစ်စင်းက မြို့အနောက်ဘက်ကို ဗုံးကြဲသွားတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးဆီက သိရှိရပါတယ်။
“မြို့သိမ်းတိုက်ပွဲတုန်းက ထွက်သွားတဲ့ မြို့ခံတွေက အခုပြန်ဝင်လာတာတောင်မကြာသေးလို့ စစ်ရှောင်ပြန်မထွက်နိုင်ကြသေးဘူး” လို့ သူကပြောပါတယ်။ ချင်းတောင်ပိုင်း၊မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ်က ချင်းညီနောင်တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
စစ်တပ်က မင်းတပ်မြို့နယ်ထဲက နေရာတွေနဲ့ မင်းတပ်-ကျောက်ထုအစပ်က နယ်မြေတချို့ကို မေလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကို လေကြောင်းတိုက်ခိုက်မှုစောင့်ကြည့်နေတဲ့အဖွဲ့တွေရဲ့ အချက်အလက်အရ သိရပါတယ်။
၂၀၂၆ ဧပြီလထဲမှာ စစ်တပ်က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်း(မြောက်ပိုင်း)က ဖလမ်းမြို့ကို ပြန်ရယူခဲ့ပြီးနောက် ချင်း(တောင်ပိုင်း)က မင်းတပ်မြို့ ကိုလည်း လေကြောင်းကနေဖိအားပေးလာတာတွေ့ရပါတယ်။ လက်ရှိမှာ မင်းတပ်မြို့နယ်ထဲကို မြန်မာစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းဝင်ရောက်လာတာမရှိသေးပေမယ့် ချင်းတောင်ပိုင်းကို ဦးတည်တဲ့ ပြင်ဦးလွင်က စစ်ကြောင်းက ပေါက်(ကပစ) ကနေ ပုံတောင် အထိ ရောက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
အဲဒီပုံတောင်ကတဆင့် ကျောက်ထုကနေ မင်းတပ်ကို ဦးတည်နိုင်တဲ့အခြေအနေလို့ ချင်းကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။ မင်းတပ်နဲ့ ဆက်နေတဲ့ ချင်း-မကွေးအစပ် ဆောမြို့နယ်ထဲက ကံကြီးရွာမှာလည်း စစ်တပ်က အထိုင်ချထားတာဖြစ်ပါတယ်။
မင်္ဂလာပါ ...
မေလ ၁၂ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက် စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။