ဒုက္ခသည်အဖြစ်ခိုလှုံခဲ့တဲ့ မလေးရှားကို ပြန်ရောက်လာတဲ့ UFC ချန်ပီယံ ဂျော့ရှုဝါ ဗန်

ဓာတ်ပုံ ရင်းမြစ်, Chin Refugee Committee Malaysia
လွန်ခဲ့တဲ့ ၁၃ နှစ်က မလေးရှားနိုင်ငံဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံခဲ့တဲ့ ဂျော့ရှုဝါ ဗန်ဟာ UFC Flyweight ချန်ပီယံဖြစ်လာပြီးတဲ့နောက်မှာ မလေးရှားကို ပထမဆုံးအကြိမ် ပြန်ရောက်လာပါတယ်။
မလေးရှားအခြေစိုက် ချင်းဒုက္ခသည်ကော်မတီက မနေ့ မေလ ၂၅ ရက်မှာ ကွာလာလမ်ပူမြို့မှာ ဦးဆောင် ကျင်းပတဲ့ပွဲကို ဗန် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မနေ့ညပိုင်းက ပြုလုပ်တဲ့ဒီပွဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း တက်ရောက်ခဲ့ပါတယ်။
ပွဲတက်သူတွေအပြောအရ အခမ်းအနားကို တက်ရောက်တဲ့ မလေးရှားရောက် မြန်မာနွယ်ဖွား လူ တစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ဗန်ကတော့ ပရိတ်သတ်တွေကို “နောက်ကျခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နေကောင်းကြလား။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
ဗန်ဟာ သူ့ရဲ့ မလေးရှားခရီးစဉ်အတွင်း သူနေထိုင်ခဲ့တဲ့ ဒုက္ခသည်စခန်းကို သွားဖို့ရှိတယ်လို့ The Ariel Helwani Show နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဗန်ဟာ သူ့ရဲ့ အာရှခရီးစဉ်ကို သူ့သူငယ်ချင်းတွေ နဲ့ ပေါ့ပေါ့ပါးပါး ခရီးထွက်ချင်တာကြောင့် သူ့ရဲ့ ချန်ပီယံခါးပတ်ကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်က နေအိမ်မှာ ထားခဲ့တယ်လို့ပြောထားပါတယ်။
ဂျော့ရှုဝါ ဗန်ကတော့ မလေးရှားကနေတဆင့် မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီရှိနေတဲ့ထိုင်းနိုင်ငံကို ခရီးဆက်ဖို့ရှိပါတယ်။
ဗန်ဟာ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 မှာ ဂျပန်ဖိုက်တာကို အလဲထိုးပြီး သူ့ရဲ့ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အရင်ချန်ပီယံ ဟောင်း ပန်တိုဂျာ နဲ့ ပြန်ထိုးသတ်သွားဖို့ စိန်ခေါ်ခဲ့ပါတယ်။ ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဒီနှစ်ကုန်ပိုင်းထဲပဲဖြစ်မလားဆိုတာတော့ သူ့ရဲ့နည်းပြတွေနဲ့ တိုင်ပင်သွားဖို့ရှိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောထားပါတယ်။




