မြန်မာမှာ တရုတ်လွှမ်းမိုးမှုကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာမှာရှိနေတဲ့ တရုတ်လွှမ်းမိုးမှု ကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့သတင်းအပါအဝင် ဇွန်လ ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မကွေးတိုင်းထဲက ၂ ပတ်တာ စစ်ဆင်ရေးမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေအပါ ၁၈ ဦးဖမ်းမိတယ်လို့NUG ရဲ့ PDF စစ်ရုံးချုပ်ထုတ်ပြန်
  • တီမောဟာ မြန်မာရဲ့ပုံရိပ်ကို ထိခိုက်အောင် ပုံဖော်နေပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ဆန့်ကျင်နေတယ်လို့ နေပြည်တော်က ကန့်ကွက်စာထုတ်
  • ပေါက်နဲ့မြိုင်မြို့နယ်အစပ်က ရေပြာရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်း၊ စစ်တပ်ကလည်း မြိုင်နယ်ထဲမှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီးထိုးနေ
  • နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာက ယမ်းရုံပေါက်ကွဲမှုအပြီး အိမ်ထောင်စု ၁၀၀ ကျော်ဟာ အထောက်အပံ့အကူအညီတွေ လိုအပ်နေ
  • ရွေးကောက်ပွဲကြောင့် ဖြစ်ခဲ့တဲ့ပြဿနာကို ရွေးကောက်ပွဲနဲ့ကောင်းအောင် ပြန်လုပ်ပေးခဲ့တာကို လက်ခံတဲ့ အာဆီယံနိုင်ငံတချို့ရှိတယ်လို့ နေပြည်တော် သမ္မတပြော
  • အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတယ်လို့အမေရိကန်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အီးယူ အဖွဲ့ဝင် ဖြစ်လာရေး ယူကရိန်း လမ်းပွင့်ပြီ

    ပြီးခဲ့တဲ့ မေလတုန်းက ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ European Order of Merit ဆုပေးပွဲမှာ ယူကရိန်းသမ္မတ ဆုပေးတဲ့ပေမဲ့ သမ္မတကိုယ်တိုင် တက်မယူနိုင်ခဲ့လို့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း မစ်ချဲဘာနီယေးက ကိုယ်စားတက်ယူ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ မေလတုန်းက ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ European Order of Merit ဆုပေးပွဲမှာ ယူကရိန်းသမ္မတ ဆုပေးပေမဲ့ သမ္မတကိုယ်တိုင် တက်မယူနိုင်ခဲ့လို့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း မစ်ချဲဘာနီယေးက ကိုယ်စားတက်ယူ

    ယူကရိန်းနဲ့ မော်လ်ဒိုဗာ နိုင်ငံ နှစ်နိုင်ငံကို ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တွေ ဖြစ်လာရေး စကားပြောဆိုမှုတွေကို အီးယူဘက်က စတင်နေပြီဖြစ်ပါတယ်။

    လက်ရှိ အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးရဲ့သဘောတူမှု ရလာပြီးတဲ့နောက် အခုလိုဆွေးနွေးမှုတွေ စတင်လာနိုင်တာဖြစ်ပါတယ်။

    ဆွေးနွေးမှုတွေရဲ့ပထမဆုံးအဆင့်ကတော့ အီးယူက ချမှတ် ကိုင်စွဲထားတဲ့ ဒီမိုကရက်တစ် စံနှုန်းတန်ဖိုးတွေနဲ့ ဥပဒေစိုးမိုးမှုကို လိုက်နာရမယ်ဆိုတဲ့အချက်တို့ ဖြစ်ပါတယ်။

    ယူကရိန်း အမျိုးသမီး ဝန်ကြီးချုပ် ယူလီယာ ဆက်ဗီဒင်ကိုက အီးယူရဲ့ဆောင်ရွက်မှုတွေကို ကြိုဆိုလိုက်ပြီး ယူကရိန်းအနေနဲ့ အီးယူ အဖွဲ့ဝင် ဖြစ်လာရေး နောက်ထပ်ခြေတစ်လှမ်း နီးကပ်လာပြီလို့ ဆိုပါတယ်။

    ယူကရိန်းနိုင်ငံထဲမှာ ရှိတဲ့ ဟန်ဂေရီ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင်ဖြစ်နှင့်ပြီး ဟန်ဂေရီနိုင်ငံနဲ့ ယူကရိန်းကြား သဘောတူမှုတွေ ရလာတဲ့နောက် အီးယူထဲမှာ ယူကရိန်း ပါဝင်ရေး အရင်တုန်းက ကန့်ကွက် ထားခဲ့တာတွေကို ဟန်ဂေရီဘက်က ရုပ်သိမ်းခဲ့ပါတယ်။

    ဒါကြောင့် ယူကရိန်းအတွက် အီးယူ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး လမ်းပွင့်သွားတာ ဖြစ်ပါတယ်။

    ယူကရိန်းကို ရုရှားက တိုက်ခိုက်တဲ့ စစ်ပွဲကတော့ ဆက်ဖြစ်နေပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပါတယ်။

    ရုရှားနိုင်ငံ အတွင်းပိုင်းကျကျ အထိအောင် နိုင်ငံတကာ စီးပွားရေး ညီလာခံ ရှိနေတဲ့ စိန့်ပီတာစဘာ့ဂ် မြို့အနီး ရေနံ ဆိပ်ကမ်းတစ်ခုနဲ့ ရုရှား ရေတပ် သင်္ဘောတစ်စင်းကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

    ဒီအပြုအမူကြောင့် စစ်ပွဲ ပိုပြီး ပြင်းထန် ဆိုးရွားလာနိုင်တယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ဆိုပါတယ်။

  3. အသေခံဒရုန်း - စစ်တပ်က တကျော့ပြန်သုံးလာတဲ့ ကာမီကာဇေ

    စစ်တပ်ပစ်ခတ်ခဲ့တဲ့ ကာမီကာဇေ ဒရုန်းအပျက်တွေလို့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထုတ်ပြောတဲ့ ကာမီကာဇေ ဒရုန်းအပျက် ၂ ခုနဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းမှာ ဒရုန်းသင်တန်းလည်း ပေးတယ်လို့ စစ်တပ်ယိမ်းတယ်လီဂရမ်တွေမှာဖော်ပြခဲ့တဲ့ စစ်ဝတ်စုံဝတ်အမျိုးသား ၄ ဦး ဒရုန်းတစ်စင်းကို မောင်းနှင်နေဟန် အဖြူအမည်းနဲ့အနီရောင် ပေါင်းစပ်ဓာတ်ပုံ

    စစ်ရုံးချုပ်ရှိရာ နေပြည်တော်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေမှာ တော်လှန်ရေးတပ်တွေရဲ့အသေခံဒရုန်း "ကာမီကာဇေ" အကြောင်းကို လူသိများခဲ့ပေမဲ့ ၂၀၂၆ နှစ်ဝက်အခင်းအကျင်းမှာတော့ စစ်တပ်က ဒီဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာနေပါတယ်။

    မေလကုန်နဲ့ ဇွန်လဆန်းထဲ စစ်ရေးတင်းမာတဲ့ ကချင်၊ ချင်း၊ ကရင်၊ မကွေးက စစ်မျက်နှာပြင်တွေမှာ သာမက ပဲခူး၊ စစ်ကိုင်းလို တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့နေရာတွေမှာပါ အသေခံဒရုန်းကို စစ်တပ်က သုံးလာတယ်ဆိုတာကို စစ်ရေးစောင့်ကြည့်သူတွေဆီကရော၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေအပြောအရပါ သိရပါတယ်။

    "အုတ်ဖိုမှာ ဆိုရင် မေလကုန် တိုက်ပွဲပြီးတကည်းက တိုက်ပွဲအသစ် ထပ်မဖြစ်ဘူး။ တိုက်ပွဲမရှိပေမဲ့ ကာမီကာဇေ ဒရုန်းတွေ သူတို့ သုံးတာရှိပါတယ်" လို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရဲ့ ဒုတပ်ခွဲမှူးက ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းကြောင့် အထိနာခဲ့တဲ့စစ်တပ်ဟာ နှစ်ပိုင်းအတွင်း ပြန်လည်ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးနောက် ပစ်မှတ်ကို တိတိကျကျပစ်ကာ အသေခံဒရုန်းတွေ ပေါပေါများများသုံးတဲ့အထိ အပြောင်းအလဲဖြစ်လာခဲ့ပြီလို့ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကနေ သိရပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

  4. ဧဝရတ်တောင်ပေါ်မှာ ၆ ရက်ကြာပျောက်နေသူကို ပြန်တွေ့ပြီ

    ဧဝရတ်တောင်ပေါ်မှာ ၆ ရက်ကြာပျောက်နေသူကို ပြန်တွေ့ပြီ

    ဓာတ်ပုံ ရင်းမြစ်, Sagarmatha Pollution Control Committee (SPCC)

    ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ပေါ်မှာ ပျောက်ဆုံးနေခဲ့တာ ၆ ရက် ကြာမြင့်နေပြီဖြစ်တဲ့ နီပေါနိုင်ငံသား တောင်တက်လမ်းပြတစ်ဦးကို အသက်ရှင်လျက် ပြန်တွေ့ရပါတယ်။

    တောင်တက်သမား ဒါဝါ ရှာပါ (Dawa Sherpa)ဟာ တောင်ထိပ် အောက်ဘက် အခြေချ စခန်းရှိရာဆီ မရောက်ရောက်အောင် လေးဘက်ထောက် တွားသွားပြီး ပြန်လာနေတာကို ဧဝရတ်တောင် သန့်ရှင်းမှု ထိန်းသိမ်းရေးအဖွဲ့က တွေ့ခဲ့ပါတယ်။

    ဒါဝါ ရှာပါဟာ သူ လိုက်လံ ကူညီ လမ်းပြပေးရသူနဲ့ ဧဝရက် တောင်ထိပ်ပိုင်းမှာ လူချင်းကွဲ သွားပြီးတဲ့နောက် အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

    ရာသီဥတု ပြင်းထန် အေးခဲတဲ့ နေရာမှာ သီတင်းတစ်ပတ်နီးပါးကြာ ပျောက်ဆုံး နေခဲ့တာမို့ သူ သေဆုံးသွားပြီလို့ပဲ မှတ်ယူခဲ့ကြပါတယ်။

    ပြန်တွေ့ရချိန်မှာ နှင်းကိုက် ခံထားရတဲ့ ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံထားရပါတယ်။

    ဒါဝါ ရှာပါဟာ ရေခဲအမှတ် သုံညအောက် များစွာကျရောက်နေတဲ့ အအေးဒဏ်ထဲ အစာမရှိ၊ အောက်စီဂျင်နည်းပါး အခြေအနေမျိုးမှာ အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။

    သူ့ကို ရဟတ်ယာဥ်နဲ့ လာသယ်သွားပြီး နီပေါ နိုင်ငံမြို့တော် ခတ္တမန္ဒူက ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

  5. မကွေးစစ်ဆင်ရေးမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေအပါ ၁၈ ဦးဖမ်းမိတယ်လို့ PDF စစ်ရုံးချုပ်ပြော

    မကွေးတိုင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တချို့

    ဓာတ်ပုံ ရင်းမြစ်, PDF စစ်ရုံးချုပ်

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တချို့

    မကွေးတိုင်းထဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂ ပတ်အတွင်းပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေအတွင်း စစ်တပ်က ဗိုလ်မှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လာပါတယ်။

    ဒီ ၂ ပတ်အတွင်း တိုက်ပွဲကြီး၊ ငယ် ပေါင်း ၄၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၃၁ ဦးသေဆုံးတယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။

    မနေ့ ဇွန်လ ၃ရက်ကလည်း မင်းတုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကနေ စစ်တပ် တပ်ဖွဲ့ဝင် ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ PDF က ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးအပါ ဗိုလ်ကြီးရာထူးအဆင့်ရှိသူ ၂ ဦးတို့ဟာ အမှတ် ၅၉၉ ခြေမြန်တပ်ရင်းရဲ့ စစ်ကြောင်းထဲမှာ ပါဝင်လာတာဖြစ်ပြီး သရက်ခရိုင်တပ်ရင်း ၃ နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းမိခဲ့တာလို့ PDF က ဖော်ပြပါတယ်။၊

    မေလကုန်ပိုင်းမှာလည်း ပုံတောင် တောင်ကြောကတဆင့် မကွေး၊ ဂန့်ဂေါခရိုင်ထဲကို ဝင်လာတဲ့ အင်အား ၁,၀၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ ယာယီအထိုင်စခန်းတွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အလားတူ မေလနှောင်းပိုင်းမှာပဲ မြန်မာစစ်တပ်ရဲ့ နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ်ကိုလည်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    မေလ ၂၆ ရက်မှာတော့ ဆိပ်ဖြူမြို့မှတဆင့် မြန်မာစစ်တပ်နဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ယာဉ်တန်းတစ်ခုကို မိုင်းခွဲခဲ့ပြီး စစ်ကား ၂ စီး ပျက်ဆီးခဲ့တယ်လို့ PDF က ပြောပါတယ်။

    စစ်တပ်ကတော့ မကွေးတိုင်းထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  6. မြန်မာ့ပုံရိပ်ထိခိုက်အောင် တီမောက ပုံဖော်ပြောကြားနေတယ် - နေပြည်တော်

    ၂၀၂၆ ရှန်ဂရီလာ ဆွေးနွေးပွဲမှာတွေ့ရတဲ့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့ရှ် ဟော်တာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ရှန်ဂရီလာ ဆွေးနွေးပွဲမှာတွေ့ရတဲ့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့ရှ် ဟော်တာ

    မြန်မာရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့ရှ် ဟော်တာရဲ့ပြောဆိုချက်တွေက မြန်မာရဲ့ပုံရိပ်ကို ထိခိုက်စေပြီး မှားယွင်းပုံဖော်နေတာဖြစ်တယ်လို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာထုတ်လာပါတယ်။

    စင်ကာပူနိုင်ငံမှာ မေလကုန်ပိုင်းတုန်းက ကျင်းပခဲ့တဲ့ ၂၀၂၆ ရှန်ဂရီလာ ဆွေးနွေးပွဲနဲ့ ဇွန်လ ၂ ရက်တုန်းက အင်ဒိုနီးရှား၊ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံနဲ့ အရှေ့အာရှစီးပွားရေးသုတေသန (ERIA) အစည်း အဝေးမှာ တီမော သမ္မတရဲ့ မြန်မာနဲ့ပတ်သက်တဲ့ပြောကြားချက်တွေက အထင်အမြင်လွဲစရာတွေကို ဖြစ်စေတယ်လို့ ဝန်ကြီးဌာနရဲ့ စာထဲမှာ ဖော်ပြပါတယ်။

    ဒီလိုပြောဆိုချက်တွေဟာ မြန်မာရဲ့ ပြည်တွင်းရေးရာကို ဝင်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ဆန့်ကျင်နေတယ်လို့ နေပြည်တော်ဘက်က ကန့်ကွက်ပြောဆိုပါတယ်။

    အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့ရှ် ဟော်တာဟာ မြန်မာရဲ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှုစာရင်းမှာ အစွန်းအထင်းတစ်ခုဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရှန်ဂရီလာဆွေးနွေးပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

    အလားတူ မြန်မာမှာ ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့စီးပွားကျဆင်းသလို နိုင်ငံထဲက သာမန်ပြည်သူအရပ်သားတွေ၊ လယ်သမားနဲ့ စာသင်ကြားနေကြတဲ့ ကျောင်းသားလူငယ်တွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ထပ်ပြောပါတယ်။

    ဒါကြောင့် မြန်မာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ‌တွေ အထမြောက်လာစေဖို့ အရှေ့တောင်ဒေသတွင်းနိုင်ငံတွေထဲက အငြိမ်းစား ကြယ်လေးပွင့် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကို အထူးသံတမန်အဖြစ် အာဆီယံအနေနဲ့ ခန့်အပ်ပေးဖို့ကိုလည်း သမ္မတ ဟိုဆေး ရာမို့ရှ် ဟော်တာက ဆွေးနွေးပွဲမှာ အဆိုပြုတာ လုပ်ခဲ့ပါတယ်။

    အရှေ့တီမောဟာ မြန်မာစစ်တပ်အရာရှိတချို့ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က အမှုဖွင့်တိုင်ကြားတဲ့တိုင်တန်းချက်ကို လက်ခံထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း တီမောဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူသိရှင်ကြား တရားဝင် ဆက်ဆံမှုလုပ်နေပါတယ်။

    ဒီလိုဆက်ဆံမှုတွေကြောင့် နေပြည်တော်ဟာ ရန်ကုန်မှာရှိတဲ့ တီမောသံရုံးယာယီတာဝန်ခံနဲ့ သံဝန်ထမ်းအချို့ကို မြန်မာကနေ ထွက်ခွာဖို့ အခုနှစ်အစောပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

  7. ပေါက်-မြိုင်အစပ်က ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေထိန်းချုပ်, မြိုင်ကျေးရွာတွေမှာလည်း စစ်တပ်က စစ်ကြောင်းခွဲထိုးနေ

    မြိုင်မြို့နယ်ထဲက စစ်ရှောင်နေကြတဲ့ ဒေသခံတချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, အညာမြေတပ်ပေါင်းစု

    ဓာတ်ပုံ ပုံစာ, မြိုင်မြို့နယ်ထဲက စစ်ရှောင်နေကြတဲ့ ဒေသခံတချို့(ပုံဟောင်း)

    မကွေးတိုင်း၊ ပေါက်နဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရေပြာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ဇွန်လ ၃ ရက်မှာ တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီး ဒီနေ့ ဇွန် ၄ ရက်အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်ပြီးလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ရေပြာရွာဟာ ပုသိမ်-မုံရွာနဲ့ မင်းတပ်-ပခုက္ကူလမ်းမ နှစ်ခု ဆုံတဲ့နေရာမှာရှိပြီး ပေါက်မြို့ကနေ ၁၂ မိုင်‌ကျော်ပဲဝေးပြီး မြိုင်မြို့နဲ့ မိုင် ၂၀ ဝန်းကျင်ဝေးပါတယ်။

    ရေပြာရွာအနီးက မြန်မာစစ်တပ်ရဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)တွေ ထိန်းချုပ်ထားတဲ့ ရွာတချို့မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်တပ်က မြိုင်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတည်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးနေတယ်လို့ သူက ဆက်ပြောပါတယ်။

    “မြိုင်စက်မှု ၂ နဲ့ ရေစကြို(ဖူလုံရွာ)က ထွက်လာတဲ့ စစ်ကြောင်းတွေ ရွာစဉ်လှည့်ထိုးနေတာ” လို့ သူက ရှင်းပြပါတယ်။

    စစ်ကြောင်းတစ်ကြောင်းကတော့ ဒီနေ့ ဇွန်လ ၄ ရက်မှာ မြိုင်ထဲက ဝက်ပုတ်ကျေးရွာမှာ အထိုင်ချထားပြီး နေအိမ်တချို့ကို မီးရှို့တာတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကတော့ မြိုင်မြို့အ‌ရှေ့မြောက်က လင်းကတော ရဲစခန်းမှာ အထိုင်ချတပ်စွဲထားပြီး အနီးပတ်ဝန်းကျင်က ချောင်းတောင်၊ မရိုးကန်၊ ပေါင်းတည်စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်ရဲ့ မြိုင်မြို့နယ်ထဲက စစ်ကြောင်း ၂ ကြောင်းထိုးနေချိန်အတွင်း အရပ်သားနေအိမ် အလုံး ၄၀ နီးပါးမီးရှို့ခံထားရသလို ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာခံတချို့က ပြောပါတယ်။

    ရေပြာရဲစခန်းသိမ်းခံရတဲ့အခြေအနေနဲ့ မြိုင်မြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ရော တော်လှန်ရေးတပ်နှစ်ဘက်လုံးက‌နေ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  8. ကမ္ဘာ့ဖလား အကောင်းဆုံးဝတ်စုံများနဲ့ အထင်ကရ အချက်များ

    ၁၉၉၀ အနောက်ဂျာမနီ၊ ၂၀၁၈ နိုင်ဂျီးရီးယားနဲ့ ၁၉၉၄ အမေရိကန်အသင်းတို့ရဲ့ ဂျာစီအင်္ကျီတွေကို ဖော်ပြထားတဲ့ ဂရပ်ဖစ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    လူတစ်ယောက်ရဲ့ဘဝကို ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ တိုင်းတာလို့ရတယ်လို့ ပြောသူတွေ ရှိပါတယ်။

    လေးနှစ်တစ်ကြိမ် အဖြစ်အပျက်တွေဟာ မျက်စိအဝိုင်းသားနဲ့ အရာရာကို အံသြနေရတဲ့ ကလေးဘဝကနေ အားကစားကို ရူးသွပ်လာတဲ့ ဆယ်ကျော်သက်ဘဝ၊ နောက် အသက်အရွယ်ရလာတွေအထိ အချိန်မှတ်တိုင်တွေလိုပါပဲ။

    ကိုယ်ချစ်မြတ်နိုးခဲ့ရတဲ့ အသင်းတွေ၊ ကိုယ်အရူးအမူးအားကျခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ သူတို့ဝတ်ခဲ့တဲ့ အမှတ်တရ ဘောလုံးအင်္ကျီတွေ စတဲ့ ဘောလုံးလောကရဲ့အမှတ်ရစရာ ပြကွက်တွေပါ။

    ဒီမှာ ပြောမှာကတော့ ဘောလုံးအင်္ကျီတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတဲ့ ဂျာစီအင်္ကျီတွေပါ။ အချိန်ကာလတွေ ဘယ်လိုပြောင်းပြောင်း ပြိုင်ဘက်ကင်း လက်ရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးဝတ်စုံတစ်စုံရဲ့အစဉ်အလာကို ဒီလောက်အထိ ရေရှည်တည်တံ့စေတဲ့အရာက ဘာများဖြစ်မလဲ။

    မက်သရူး ဝုဖ် ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ လူကြိုက်အလွန်များခဲ့တဲ့ နိုင်ဂျီးရီးယား ဝတ်စုံတွေကို ဒီဇိုင်းဆွဲပေးခဲ့သလို ချန်ပီယံ ပြင်သစ်အသင်းရဲ့ဝတ်စုံတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူအဖြစ် အသိမှတ်ပြုအခံရဆုံးသူ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. နမ့်ခမ်း၊ ကောင်းတပ်ပေါက်ကွဲမှု အိမ်ထောင်စု ၁၀၀ ကျော် ဆေးဝါးနဲ့ အကူအညီလိုအပ်နေ

    ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် နမ့်ခမ်းသွေးလှူရှင်များ(ပရဟိတ)အသင်းက အလှူငွေကောက်ခံနေကြတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Hein Min Zaw

    ဓာတ်ပုံ ပုံစာ, ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် နမ့်ခမ်းသွေးလှူရှင်များ(ပရဟိတ)အသင်းက အလှူငွေကောက်ခံနေကြတဲ့ မြင်ကွင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာက ယမ်းရုံပေါက်ကွဲမှုအပြီး အိမ်ထောင်စု ၁၀၀ ကျော်ဟာ အထောက်အပံ့အကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီထောက်ပံ့ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တစ်ခုက ပြောပါတယ်။

    မေလ ၃၁ ရက်က ပေါက်ကွဲမှုအတွင်း အိမ်တွေပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုပေါင်း ရာချီရှိပြီး တချို့က‌တော့ ဆွေမျိုးတွေရဲ့အိမ်မှာ ယာယီနေထိုင်နေရတယ်လို့ ကူညီထောက်ပံ့ပေးနေတဲ့ကောင်းတပ်ရွာခံတစ်ဦးက ပြောပါတယ်။

    “ဆွေမျိုးမရှိတဲ့သူတွေကတော့ ရွာထဲက ဘုန်းကြီးကျောင်း ဇရပ်ထဲမှာပဲ နေနေရတာ” လို့ ဆိုပါတယ်။

    လက်ရှိ နေအိမ်ဆုံးရှုံးပြီး ဇရပ်မှာနေထိုင်နေရတဲ့‌ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆေးဝါးနဲ့ အိပ်ယာအသုံးအဆောင်တွေ အရေးတကြီးလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

    တစ်ဖက်မှာလည်း ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံမှာ ကုသမှုခံယူနေရတဲ့ လူနာတွေကို ဓာတ်မှန်ရိုက်စစ်ဆေးဖို့ လူမှုကူညီရေးအသင်းတချို့က မူဆယ်နဲ့ လားရှိုးမြို့က ဆေးရုံတွေကို နေ့တိုင်းပို့ဆောင်နေရပြီး စက်သုံးဆီ အကူအညီ လိုအပ်နေတယ်လို့ ကူညီရေးအဖွဲ့တချို့က ပြောပါတယ်။

    “ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ပဲ ဆီဖြည့်လိုက် လူနာပို့လိုက် လုပ်နေရတာ။ အာဏာပိုင်တွေက ဆီဖိုးပေးမယ် ကူညီမယ်ပြောပြီး အခုထိတော့ သူတို့ဆီက ဘာအကူအညီမှ မရသေးဘူး” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ထုတ်ပြောပါတယ်။

    တစ်ဖက်မှာလည်း ယမ်းရုံပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် ကျန်းမာရေးကုသစောင့်ရှောက်မှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယလ်လို့ TNLA က ဇွန်လ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

    TNLA အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် မြေပြင်မှာ ဘယ်လိုကူညီဆောင်ရွက်ရေးတွေ လုပ်ဆောင်နေလဲဆိုတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

    မေလ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ ဦးအထိ ရှိခဲ့ပြီး လူပေါင်း ၁၁၂ ဦးထိခိုက်ဒဏ်ရာရရှိတယ် ဇွန်လ ၁ ရက်မှာ နောက်ဆုံးသတင်းထုတ်ပြန်ထားပါတယ်။

    လူပေါင်း ဆယ်ချီ သေဆုံးခဲ့တဲ့ ကောင်းတပ်ရွာ ပေါက်ကွဲမှု ဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုတော့ ဒီဆောင်းပါးလင့်ခ် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  10. နေပြည်တော် လဝကဒုဝန်ကြီးက ဦးမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာ

    ဇွန်လ ၃ ရက် နေပြည်တော် လေဆိပ်မှာ စကားပြောနေတဲ့ ဒေါ်ခိုင်ခိုင်စိုး

    ဓာတ်ပုံ ရင်းမြစ်, Screengrab/MRTV

    နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက သမ္မတရာထူး ယူထားရတဲ့ ဦးမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာပါတယ်။

    မနေ့ ဇွန်လ ၃ ရက်မှာပြန်ရောက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယအပြန်ခရီးစဉ်မှာ ဒေါ်ခိုင်ခိုင်စိုးက ပြောရေးဆိုခွင့်ရှိသူအဖြစ် နေပြည်တော်လေဆိပ်မှာ မီဒီယာတွေနဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ ပြောရေးဆိုခွင့်ရှိသူနေရာတွေကို အမျိုးသားတွေပဲ ဦးဆောင်ခဲ့ရာကနေ အမျိုးသမီးတစ်ဦးကို ပထမဆုံးစတင် ခန့်အပ်လာတာပါ။

    သူ့ရဲ့ခင်ပွန်းက စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ဆင်း ဖြစ်ပါတယ်။

    ဒေါက်တာခိုင်ခိုင်စိုးက လူဦးရေနဲ့သန်းခေါင်စာရင်းပိုင်းမှာကျွမ်းကျင်သူဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်ကနေ လူဦးရေဗေဒ (Demography)နဲ့ ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နေပြည်တော်အတွက် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း သမ္မတရုံးကို ပါမလာခဲ့တဲ့နောက် နှစ်လနီးပါးကြာအောင် ပြောရေးဆိုခွင့်ရှိသူနေရာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။

    ပြောရေးဆိုခွင့်ရှိသူနေရာတွေကို ပြန်ကြားရေးဝန်ကြီးဌာနကပဲ လွှမ်းမိုးထားခဲ့ပေမဲ့ လက်ရှိပြန်ကြားရေးဝန်ကြီး ဦးထိန်လင်းနဲ့ ဒုဝန်ကြီး ဦးရဲတင့်တို့ ပြောရေးဆိုခွင့်ရှိသူတွေ ဖြစ်မလာပါဘူး။

    တစ်ဖက်မှာလည်း လဝက ဝန်ကြီးဌာနဟာ ဦးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့သူတွေရှိနေတဲ့နေရာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင် မိသားစုနဲ့ရင်းနှီးတဲ့ ဗိုလ်မှူးကြီးကျော်ဇောရဲက လက်ရှိ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ရဲ့သားမက်ဖြစ်ပါတယ်။

    ဒါအပြင် လဝက ဒုဝန်ကြီး ဦးလင်းဇော်ထွန်းကလည်း ဦးမင်းအောင်လှိုင် တပ်ချုပ်တာဝန်ယူတုန်းက ကိုယ်ရံတော် လုပ်ခဲ့ဖူးပါတယ်။

  11. ''အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံလောက်ကပဲ မြန်မာကို တင်းမာတဲ့သဘောထားရှိပါတယ်'' - ဦးမင်းအောင်လှိုင်

    ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကစလို့ အိန္ဒိယကို ၅ ရက်ကြာ ခရီးသွားရောက်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကစလို့ အိန္ဒိယကို ၅ ရက်ကြာ ခရီးသွားရောက်ခဲ့

    အာဆီယံနိုင်ငံအများစုက အရပ်ဘက်အသွင်ပြောင်း အစိုးရသစ်တက်လာတဲ့အပေါ် ကောင်းမွန်တဲ့အမြင်ရှိပြီး နှစ်နိုင်ငံလောက်ကပဲ မြန်မာအပေါ် တင်းမာတဲ့သဘောထားရှိတယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

    အိန္ဒိယအစိုးရပိုင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ DD India နဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ဦးမင်းအောင်လှိုင်က အခုလိုပြောလိုက်တာပါ။

    “အရင်တုန်းက ဖြစ်ခဲ့တာကတော့ ရွေးကောက်ပွဲရလဒ်ပြီးတဲ့နောက် ဆောင်ရွက်ချက်ပေါ်မူတည်ပြီး အာဆီယံက မြန်မာကို ဆက်ဆံရေး တစ်မျိုးပြောင်းလာတယ်” လို့ သူက ဆက်ပြောပါတယ်။

    မြန်မာမှာ စစ်တပ်အာဏာသိမ်းတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက ကန့်ကွက်ခဲ့ကြသလို မြန်မာစစ်တပ်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကိုလည်း အာဆီယံတစ်ဖွဲ့လုံးအနေနဲ့ အသိအမှတ်ပြုတယ်ဆိုတဲ့ ထောက်ခံသဘောတူညီချက်မျိုး မရဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုက အစောပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

    ရွေးကောက်ပွဲကြောင့် ဖြစ်ခဲ့တဲ့ပြဿနာကို ရွေးကောက်ပွဲနဲ့ကောင်းအောင် ပြန်လုပ်ပေးခဲ့တာကို လက်ခံတဲ့ အာဆီယံနိုင်ငံတချို့ရှိတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

    အလားတူ ဦးမင်းအောင်လှိုင်က သူ့အနေနဲ့ သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့တဲ့ အာဆီယံနိုင်ငံတွေ အများကြီးရှိခဲ့တယ်လို့ သူက တဆက်တည်းပြောပါတယ်။

    “ဒါကိုကြည့်ရင် အာဆီယံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်”လို့ သူက ထပ်ပြောပါတယ်။

    ပြီးခဲ့တဲ့ဧပြီလတုန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့သမ္မတ ကျမ်းကျိန်ပွဲကိုလည်း ဘေကျင်းက အထူးသံတမန် စေလွှတ်ခဲ့သလို အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေအပြင် ရုရှား၊ ဘယ်လာရုစ်နဲ့ နီကာရာဂွါနိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

  12. မြန်မာမှာရှိနေတဲ့တရုတ်လွှမ်းမိုးမှုကြီးမားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

    အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (ပုံဟောင်း)

    အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတာကြောင့် လက်တွေ့ဖြေရှင်းတဲ့နေရာမှာ အခက်အခဲရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ထုတ်ပြောလာပါတယ်။

    မြန်မာ့ဒီမိုကရေစီအရေး တစိုက်မတ်မတ်အာရုံစိုက်သူအဖြစ် သိကြတဲ့ ဝါရင့် အထက်လွှတ်တော်အမတ် မစ်ချ် မက်ခ်ကော်နယ်က မြန်မာက တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်ရဲ့မူဝါဒကို မေးမြန်းချိန် ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    အမေရိကန် ဒေသစံတော်ချိန် ဇွန်လ ၃ ရက်တုန်းက ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဆိုင်ရာ အထက်လွှတ်တော်ကော်မတီ ကြားနာမှုမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

    အထက်လွှတ်တော်အမတ်ကတော့ အမေရိကန်ဟာ မြန်မာနဲ့ပတ်သက်လာရင် တရုတ်လွှမ်းမိုးမှုကို ဘယ်လိုမူဝါဒ ချမှတ် တန်ပြန်မလဲဆိုတဲ့မေးခွန်းကို မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ အခုလို ကြားနာပွဲမှာလည်း မေးခဲ့ပေမဲ့ တစ်နှစ်ပြည့်တဲ့အထိ သိသာတဲ့အပြောင်းအလဲ မတွေ့ရသေးဘူးလို့ ဝန်ကြီး ရူဘီယိုကို ထောက်ပြပြောဆိုပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ‘’လက်ရှိမြန်မာ့အခြေအနေကြောင့် တရုတ်က လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေ များကြီးရှိနေတာကို တွေ့ရပါတယ်။ အမေရိကန်အနေနဲ့လည်း အနည်းဆုံးတော့ မြန်မာက သက်ဆိုင်သူတွေနဲ့ ဘယ်လိုများထိတွေ့မှုလုပ်မလဲဆိုတဲ့နည်းလမ်းစုံကို ရှာဖွေပါတယ်။ ဒါပေမဲ့ အဖြေရှာဖို့ ခက်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ အုပ်ချုပ်နေတဲ့ အစုအဖွဲ့ဟာ ရက်စက်တဲ့အုပ်ချုပ်ပုံနဲ့ အုပ်ချုပ်နေတယ်။ တရုတ်ရဲ့လွှမ်းမိုးမှုကလည်း အတိုင်းအတာတစ်ခုအထိ ရှိနေတာပေါ့လေ။ ဒီအရွေ့ကို အပြောင်းအလဲဖြစ်နိုင်မယ့်အခွင့်အလမ်းကို ကျွန်တော်တို့ စောင့်နေပါတယ်’’လို့ မေးခွန်းကို ပြန်ဖြေပါတယ်။

    အလားတူ အမတ် မက်ခ်ကော်နယ်က အမေရိကန်အနေနဲ့ မြန်မာ့အရေးဖြေရှင်းရေးမှာ သုံးနိုင်တဲ့ Burma Act ရဲ့ ရန်ပုံငွေ သုံးစွဲရန် နှောင့်နှေးနေတဲ့အချက်အပြင် စစ်ခေါင်းဆောင်အစုအဖွဲ့အပေါ် အမေရိကန်ရဲ့ မူဝါဒ ပျော့ပျောင်းနေမှုကိုလည်း ကြားနာပွဲမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။

    Burma Act ဆိုတာဟာ အမေရိကန် ရဲ့ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲ အစိတ်အပိုင်းတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်လွှတ်တော်ကအတည်ပြု ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

    မာကိုရူဘီယိုကတော့ အမေရိကန်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေနဲ့သာ ပိုဆက်ဆံလိုတဲ့သဘော ပြောဆိုပါတယ်။

    တစ်ဖက်မှာလည်း ၂၀၂၅- ၂၀၂၆ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ နေပြည်တော်အစိုးရဟာ အမေရိကန်နဲ့ နေပြည်တော်ကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေဖို့ နာမည်ကြီးလော်ဘီကို ငွေပေးပြီး ဝါရှင်တန်ကို နေပြည်တော်ဘက်ယိမ်းအောင် ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    Bloomberg Government ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေ ရော်ဂျာစတုန်းဟာ လော်ဘီဈေးကွက်ထဲပြန်ရောက်လာချိန်မှာပဲ မြန်မာစစ်တပ်က သူ့ကို လော်ဘီအဖြစ် ငှားရမ်းထားလို့ ပြီးခဲ့တဲ့လတုန်းက သတင်းဖော်ပြပါတယ်။

    ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ အမေရိကန်သံရုံးအကြီးအကြဲက မြန်မာ့စီးပွားရေးလုပ်ငန်းပွဲအခမ်းအနားအချို့ တက်ရောက်တာ၊ အမေရိကန်ရဲ့ပဲပုပ်ကို မြန်မာက ဝယ်ယူဖို့ အမေရိကန်နဲ့ မြန်မာကုမ္ပဏီကြား နားလည်မှုစာချွန်လွှာလက်မှတ်ထိုးတာ၊ နောက် မန္တလေးမြို့မှာ ပိတ်ထားတဲ့ ယဉ်ကျေးမှုစင်တာ ဂျက်ဖာဆင် စင်တာကို မကြာသေးခင်ကပြန်ဖွင့်တာတွေကို ထောက်ပြပြီး ဒါဟာ အမေရိကန်က မြန်မာနဲ့ဆက်ဆံလိုကြောင်း ပြသနေတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

    ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုံ့ဆော်ဆောင်ရွက်နေတဲ့ မြန်မာနွယ်ဖွားတွေကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုရဲ့လွှတ်တော်ကြားနာပွဲ ပြောဆိုချက်ဟာ လက်ရှိ မြန်မာနဲ့ပတ်သက်ရင် အမေရိကန်ဘက်က ဆက်ဆံရေးကို ချိန်ဆနေဆဲဆိုတာကို ပြသနေတယ်လို့ပြောပါတယ်။

    အမေရိကန်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်ကောင်စီမှာပါဝင်ခဲ့ကြသူတွေအပြင် လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ကို မဟာမိတ်တွေနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။

  13. မင်္ဂလာပါ။ ဇွန်လ ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။