ဇွန်လ ၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
‘ဂေါ်ဇီလာအယ်နီညို’ အဖြစ်ညွှန်းကြတဲ့ ပြင်းထန်စူပါအယ်နီညိုကြောင့် အပူချိန်တွေမြင့်တက်နိုင်၊တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ထဲ သေဆုံးထိခိုက်ဒဏ်ရာရသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်အယောက် ၃၀ ကျော်ပါဝင်တဲ့ သတင်းအပါအဝင် ဇွန် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဇွန်လ ၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
သီလရှင်ဖြစ်ဖို့ ရွေးချယ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးဟာ ခရစ်ယာန်သီလရှင်ကျောင်းမှာ ဆုံတွေ့ခဲ့ကြပြီး နောက်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး ချစ်မြတ်နိုးကာ လက်ထပ်ခဲ့ကြပါတယ်။
ပျော်ရွှင်စွာ လက်ထပ်ထားကြတဲ့ ဖရန်စီလာနဲ့ လွီဇာတို့ဟာ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်ရော၊ ယုံကြည်မှုနဲ့ ဘာသာရေးအကြောင်း သိလိုတဲ့ LGBTQ+ အသိုင်းအဝိုင်းဝင်တွေအတွက်ပါ လူမှုကွန်ရက်ကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးနေကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်က ရမ်းဗြဲနဲ့ တောင်ကုတ်မြို့နယ်အပြင် စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်ထဲကို မနေ့ ဇွန် ၁ ရက်တည်းမှာပဲ စစ်တပ်က လေကြောင်းနဲ့ရော အသေခံဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင် တောင်ခြေရင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ ရှိရာနေရာကို မနေ့ ည ၉ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့သလို တောင်ကုတ်မြို့နယ်က ပေါက်ပြင်ရွာကိုလည်း မနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ပဲ ဗုံးကြဲခဲ့တယ်လို့ ရင်းမြစ်တချို့က ပြောပါတယ်။
“ရမ်းဗြဲမှာတော့ စစ်ဘေးရှောင် အသေအပျောက်ရှိတယ်။ တောင်ကုတ်ဆိုရင် ပေါက်ပြင်ရွာအနီး ပတ်ဝန်းကျင် လယ်ကွင်းပြင်၊ တောတန်းတွေထဲ ဗုံးကျရောက် ပေါက်ကွဲတယ်။ လယ်စောင့်တဲ တော်တော်များများ ပျက်စီးသွားတယ်” လို့ အေအေသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရမ်းဗြဲ - ကျောက်ဖြူလမ်းခွဲ အကျော်မှာရှိတဲ့ စနဲမြို့ကိုလည်း မေလကုန်ပိုင်းမှာ စစ်တပ်က ဒရုန်း၊ လေကြောင်း ပစ်ကူပေးကာ မြေပြင်စစ်ကြောင်း ထိုးနေတာကြောင့် အေအေနဲ့ စစ်တပ်ကြား ဒီရက်ပိုင်း စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ရွှေဘိုမြို့က စစ်တပ်ရဲ့အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေ ခင်ဦးမြို့နယ်ထဲက စည်ပုတ္တရာရွာ ဘုန်းကြီးကျောင်းကို မနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ အသေခံဒရုန်းလေးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ဆွမ်းစားကျောင်းဆောင်ပေါ်ကို ဗုံးသီး တစ်လုံးကျလို့ ဝေယျာဝစ္စလုပ်နေတဲ့ အသက် ၇၀ အရွယ် အဘိုးတစ်ဦးနဲ့ အသက် ၆၀ အရွယ် အဘွားတစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ခင်ဦးပကဖက ဓာတ်ပုံနဲ့တကွ ဖော်ပြပါတယ်။
ခင်ဦးမှာတော့ မနေ့ကရော ဒီနေ့ပါ မြေပြင်စစ်ကြောင်းရော တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။
စစ်တပ်ကတော့ ရခိုင်နဲ့ စစ်ကိုင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ညနေအထိ တစုံတရာထုတ်ပြန်လာတာမရှိပါဘူး။
အမေရိကန် ပြည်ထောင်စုမှာ ChatGPT ကို တီထွင်တဲ့ ကုမ္ပဏီ OpenAI ကို ဖလော်ရီဒါပြည်နယ်က တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ OpenAI ကို အမေရိကန်ပြည်နယ်တစ်ခုက ပထမဆုံး စပြီး တရားစွဲလာတာ ဖြစ်ပါတယ်။
ChatGPT ရဲ့ ဒီဇိုင်းနဲ့ လုံခြုံရေးဆိုင်ရာ တင်းကျပ်မှုတွေဟာ ကလေးသူငယ်တွေကို အန္တရာယ် ကင်းစေနိုင်လောက်တဲ့အထိ အကာအကွယ် မပေးနိုင်တဲ့အတွက် တရားစွဲတာလို့ ဆိုပါတယ်။
လူအုပ်ထဲကို သေနတ်နဲ့ပစ်တဲ့ လုပ်ရပ်မျိုး၊ သေကြောင်းကြံစည်တဲ့ကိစ္စမျိုးတွေကို ကလေးသူငယ်တွေ လုပ်လာအောင် ChatGPT က အထောက်အကူ ပြုပေးနေပြီး ငွေကြေး အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့စွဲချက်နဲ့ OpenAI အပေါ် ကုမ္ပဏီကိုရော ကုမ္ပဏီရဲ့အမှုဆောင် အရာရှိချုပ် ဆမ် အော့လ်(တ)မင်ကိုပါ ဖလော်ရီဒါပြည်နယ်က တရားစွဲတာ ဖြစ်ပါတယ်။
လျော်ကြေး/နစ်နာကြေး ရလိုမှု တရားမမှုနဲ့ စွဲဆို ထားသလို၊ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်ခဲ့တဲ့ လူအုပ်ထဲ သေနတ်နဲ့ ပစ်ခတ်မှုနဲ့စပ်လျဥ်းပြီး ChatGPT အခန်းကဏ္ဍ ဘယ်လောက်ထိ ပါဝင် ပတ်သက်နေသလဲဆိုတာကို ရာဇဝတ်မှုဆိုင်ရာစုံစမ်းတာတွေ ပြုလုပ်နိုင်ဖို့ ဖလော်ရီဒါ ပြည်နယ်ဘက်က ကြိုးစားနေပါတယ်။
အယ်နီညို ရာသီဥတုဖြစ်စဥ်ဟာ ဒီနှစ်မှာ စံချိန်တင်အောင် ပြင်းထန်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ ရာသီဥတုနဲ့ မိုးလေဝသ အဖွဲ့အစည်းဖြစ်တဲ့ WMO အဖွဲ့က သတိပေးပါတယ်။
‘ဂေါ်ဇီလာ အယ်နီညို’ အဖြစ် ရည်ညွှန်းကြတဲ့ဖြစ်တောင့်ဖြစ်ခဲ ပြင်းထန် စူပါ အယ်နီညို ဖြစ်စဥ်ကြောင့် တကမ္ဘာလုံးအနှံ့ အပူချိန်တွေ မြင့်တက်တာအပါအဝင် ရာသီဥတုဖောက်ပြန်တာတွေ ဆိုးဆိုးရွားရွားပေါ်ပေါက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အယ်နီညိုဟာ အပူပိုင်းပစိဖိတ် သမုဒ္ဒရာရေပြင် ပူနွေးရာက ကမ္ဘာ့လေထုထဲကို အပူတွေ ထုတ်လွှင့်တာကနေ ပေါ်ပေါက်လာတဲ့ရာသီဥတုဖြစ်စဥ်ဖြစ်ပါတယ်။
စူပါ အယ်နီညိုကိုသာ တွေ့ကြုံလာရပြီဆိုရင် လူသားမျိုးနွယ် အပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှာ ဖြစ်ပါတယ်။
ကောက်ပဲသီးနှံတွေ ပျက်စီးပြီး ကမ္ဘာ့စားနပ်ရိက္ခာ စျေးနှုန်းတွေ အဆမတန် မြင့်တက်လာဖွယ်ရှိပါတယ်။
WMO အဖွဲ့ရဲ့ခန့်မှန်းချက်အရ နောက်လအနည်းငယ်အတွင်းမှာပဲ စူပါအယ်နီညိုအဆင့်ကို ရောက်လာနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ အယ်နီညိုနဲ့ လူကြောင့်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု နှစ်ထပ်ကွမ်းဖြစ်စဉ်ကြောင့် ထိခိုက်သက်ရောက်မှု ပိုမြင့်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
မြန်မာမိုးလေဝသဌာနကတော့ အယ်နီညိုဖြစ်စဉ်ဟာ ဇွန်လဆန်းမှာ အားပျော့ဖြစ်စဉ်အဖြစ် စတင်ပြီး အခုနှစ်နှောင်းပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ မေလ နှောင်းပိုင်းမှာ ပြောပါတယ်။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ထဲက ချောင်းခွရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီးတဲ့နောက် အရပ်သား ၅ ဦးရဲ့ရုပ်အလောင်းတွေကို ရွာထိပ်က တံတားပေါ်မှာ မနေ့က တွေ့ခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ဆီကနေ သိရပါတယ်။
ချောင်းခွရွာကို စစ်တပ်နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) စစ်ကြောင်းက မေလ ၃၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်ခဲ့အပြီးမှာ ရွာထဲက နေအိမ်အချို့ မီးရှို့ခံခဲ့ရတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီသူက အစောပိုင်းကတည်းက ပြောထားပါတယ်။
အဲဒီနောက် တစ်ရက်အကြာမှာ ချောင်းခွရွာထိပ် တံတားပေါ်မှာ ရုပ်အလောင်းတွေ တွေ့ခဲ့တာဖြစ်ပါတယ်။ဇွန်လ ၁ ရက်မှာတော့ ချောင်းခွရွာအပြင် ကျွဲတဲကုန်း၊ ချောင်းဆုံလေးကျေးရွာတွေလည်း မီးရှို့ခံရတယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။
အဲဒီကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းဖြန့်ကြက်နေလို့ ချောင်းခွရွာထိပ်မှာ တွေ့ခဲ့တဲ့ရုပ်အလောင်းတွေ ဘယ်သူဖြစ်တယ်ဆိုတာနဲ့ မီးရှို့ခံရတဲ့အိမ်တွေ ဘယ်လောက်ရှိတယ်ဆိုတာ အခြေအနေ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
ချောင်းခွရွာထိပ် တံတားပေါ်က ရုပ်အလောင်းတွေအရေး ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ သာယာဝတီခရိုင် တပ်ရင်းတပ်ဖွဲ့တွေ ဘက်ကတော့ အုတ်ဖိုမြို့နယ်ထဲ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးချိန် ရွာတွေ မီးရှို့ခံရတယ်လို့ ပြောပါတယ်။
ရုပ်အလောင်းတွေ တွေ့ခဲ့တဲ့ ချောင်းခွအပါအဝင် နှောကုန်း၊ ညောင်၊ သဲကော၊ ကြိုးကြာကွင်းရွာတို့မှာ စစ်တပ်က ဖြန့်ကြက်တပ်စွဲထားတယ်လို့လည်း အခြေအနေသိရှိသူတချို့က ပြောပါတယ်။
“အုတ်ဖိုအရှေ့ခြမ်းက ကျေးရွာ ၃၀ လောက်က ပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်း နေရပါတယ်။ မြို့ဘက် ဆင်းနေတဲ့သူတွေရှိသလို ဘေးစစ်ဘေးရှောင်စခန်းတွေမှာ ဆင်းနေတာတွေ လည်းရှိပါတယ်” လို့ သာယာဝတီခရိုင် PDF၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ရဲ့ ဒုတပ်ခွဲမှူးက ပြောပါတယ်။
အုတ်ဖိုမြို့နယ်အတွင်း မေလတတိယအပတ်လောက်ကစလို့ စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကအဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၃၁ ရက်တုန်းက ရိက္ခာလာပို့တဲ့ နေပြည်တော် တပ်ရင်း ၁၇ က ရဲကွန်မန်ဒို ကိုမင်းမင်းထွန်း (ကိုယ်ပိုင်အမှတ် - လ/ ၃၀၈၁၈၄) ကို ချောင်းခွရွာအနီးမှာ လက်နက်ခဲယမ်းနဲ့ အတူ အသက်ရှင်ရက် ဖမ်းဆီးရမိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက် ဒီနေ့ ညနေပိုင်းအထိ အုတ်ဖိုအရှေ့ပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။
စစ်တပ်ဘက်ကတော့ ပဲခူးတိုင်းထဲက စစ်ရေးနဲ့ပတ်သက်လို့ ဒီနေ့ ညနေအထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
မကွေးတိုင်းထဲ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LPDF) အဖွဲ့ပေါင်း ၂၀ ကျော်ပါဝင်တဲ့ ယာယီကာကွယ်ရေးစစ်ကြောင်းတွေကို မကွေးဖက်ဒရယ်ယူနစ် အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်မှာ စုဖွဲ့လိုက်ချိန်မှာပဲ မြိုင်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးနေပါတယ်။
မကွေးယူနစ်အစိုးရကတော့ ဒေသအခြေပြု ကာကွယ်ရေးအဖွဲ့တွေစုပေါင်းပြီး ပခုက္ကူနဲ့ မင်းဘူးခရိုင်တို့မှာ စစ်ကြောင်း ၄ ခုဖွဲ့စည်းလိုက်တယ်လို့ မနေ့က သတင်းထုတ်ပါတယ်။
လတ်တလော စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို ခုခံဖို့နဲ့ ပိုထိရောက်တဲ့စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ယာယီကာကွယ်ရေး စစ်ကြောင်းတွေကို LPDF ၂၁ ဖွဲ့နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ပခုက္ကူခရိုင်ထဲမှာ စစ်ကြောင်း ၂ ခုနဲ့ မင်းဘူးခရိုင်ထဲမှာ စစ်ကြောင်း ၂ ခုဆိုပြီး ပြန်လည်စုဖွဲ့လိုက်တာဖြစ်ပါတယ်။
ဒီလိုစုဖွဲ့လိုက်ချိန်မှာပဲ မြိုင်မြို့နယ်ထဲမှာ စစ်တပ် စစ်ကြောင်း ၂ ကြောင်းအထိ ဖြန့်ကြက်နေတယ်လို့ သိရပါတယ်။
“မြိုင်ထဲမှာဆိုရင် စစ်ကြောင်း ၂ ကြောင်းတောင် ရှိနေပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာန (နမခ) ကနေလွှတ်လိုက်တဲ့ အသေခံဒရုန်းတွေနဲ့လည်း ဗုံးချတယ်” လို့ မြိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်က မနေ့ ဇွန် ၁ ရက် မနက်ပိုင်းမှာ အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
စစ်တပ်သတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း မြိုင်ဒေသမှာ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း ဒီနေ့မနက်ပိုင်းမှာပဲ ဆက်တိုက်ရေးသား ဖော်ပြလာပါတယ်။
မြိုင်က ထိတွေ့မှုတွေမှာ လက်ရှိဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ယူနစ်အစိုးရအောက်က စစ်ကြောင်းတွေ ပါဝင် တိုက်ခိုက်နေလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ တော်လှန်ရေးကြားကာလမှာ တိုင်းဒေသကြီး သတ်မှတ်ချက်မရှိတော့ဘဲ ပြည်နယ် နဲ့ ဖက်ဒရယ်ယူနစ်ဆိုတဲ့ အခေါ်အဝေါ်သာရှိတော့မှာပါ။
မကွေးဖက်ဒရယ်ယူနစ်မှာတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာ က ဦးဆောင်နေပါတယ်။
မကွေးက စစ်ရေးဆိုရင်လည်း ပခုက္ကူခရိုင်ထဲက မြစ်ခြေမြို့နယ်ထဲကို မေလကုန်ပိုင်းမှာပဲ စစ်တပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး ကျေးလက်တွေသာမက မြို့ပေါ်ကိုပါ ဝင်ရောက် မီးရှို့တာကြောင့် ဒေသခံသောင်းနဲ့ ချီ နေရပ်စွန့်ခွာနေရပါတယ်။
အခု ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်မှာ ကျောင်းအပ်သူ အရေအတွက်ဟာ မနှစ်ကထက် ၃ သိန်းကျော် တိုးလာတယ်လို့ နေပြည်တော်ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
နေပြည်တော် ပညာရေးဝန်ကြီးဌာနအောက်က အခြေခံပညာကျောင်းတွေကို မနေ့ ဇွန်လ ၁ ရက်မှာ စတင် ဖွင့်လှစ်ချိန်မှာပဲ အခုကျောင်းသားအရေအတွက်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပဲခူးတိုင်းအနောက်ပိုင်း၊ မကွေး၊ ဧရာဝတီနဲ့ နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ပြ ည်နယ်တွေမှာ ကျောင်းအပ်နှံသူအရေအတွက် များလာတာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် အခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၂ သိန်းကျော်ရှိပြီး မနှစ်ကထက် လူဦးရေ ၂ သောင်းကျော် တိုးလာပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကို အသက်အရွယ်အရရော ပညာအရည်အချင်းအရရော သင့်တော်တဲ့ အတန်း တက်ခွင့်ပေးမယ့်အစီအစဥ်ကို စတင်မယ်လို့ ပညာရေးဝန်ကြီးဌာနက မေလကုန်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကျောင်းသားတွေအတွက် အတန်းအလိုက်အဆင့်သတ်မှတ်စမ်းသပ်ချက် (Placement Test) ပြန်လည် ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမှာပါ။
ဒါဟာ စစ်တပ်က နယ်မြေစိုးမိုးမှုတွေ ပြန်ရတာနဲ့ စစ်မက်ဖြစ်ပွားတဲ့အရပ်က ဒေသခံတွေဟာ မြို့ပြဆီ ပြောင်းရွှေ့နေထိုင်ကြတာကြောင့် အစိုးရစာသင်ကျောင်းတွေဆီ ကျောင်းပြန်အပ်လာတဲ့ကျောင်းသား အရေအတွက် များလာတာလို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲ တော်လှန်ရေးစိုးမိုးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ပုလဲမြို့နယ်မှာတော့ အခုပညာသင်နှစ်အတွက် နေပြည်တော် ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့မိဘတွေနဲ့ လိုက်လံစည်းရုံးသူတွေကို ဥပဒေအရ အရေးယူမယ်လို့ဆိုပြီး ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခုရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။
ဒီလိုထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပြီး ကျောင်းသားကျောင်းသူတိုင်း လွတ်လပ်စွာ ပညာသင်ယူခွင့်ရှိကြောင်း တော်လှန်ရေးအဖွဲ့တချို့ကပါ ထောက်ပြတာတွေရှိနေပါတယ်။
ကင်ဂျုံအွန်းရဲ့အဘိုးနဲ့ အဖေတွေရဲ့မိခင်တွေဟာ ကြီးမြတ်တဲ့နေရာတွေ ရခဲ့ကြပါတယ်။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့မိခင် ကန်ပန်ဆော့နဲ့ ကင်ဂျုံအီရဲ့ မိခင် ကင်ဂျုံဆုခ်တို့ဟာ "ကိုရီးယားရဲ့ မိခင်များ" အဖြစ် ဂုဏ်ပြုချီးမြှောက်ခံခဲ့ရပေမယ့် ကိုယုံဟွီကတော့ လူသိနည်းတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ရှိနေပြီး သူ့နာမည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့နေရာ ဒါမှမဟုတ် အဆောက်အဦလည်း မရှိပါဘူး။
ကိုယုံဟွီနဲ့ပတ်သက်ပြီး အစိုးရဘက်က နှုတ်ဆိတ်နေတဲ့သဘောထားဟာ သူ့ရဲ့လူမှုရေးနောက်ခံကို အစွန်းအထင်းရှိတယ်လို့ ရှုမြင်ခံရတာနဲ့ ကင်ဂျုံအီရဲ့တရားဝင်ဇနီးမဟုတ်ဘဲ အတူနေအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာတို့နဲ့ ဆက်နွှယ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
ဒီအချက်တွေဟာ မြောက်ကိုရီးယားအစိုးရ တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်မှုနဲ့ အာဏာဆက်ခံမှုဇာတ်ကြောင်းကို ထိခိုက်စေနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ကဗျာဆရာတစ်ဦးအဖြစ် လူသိများသလို နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီနေ့ မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ကွယ်လွန်တာလို့ နီးစပ်သူတွေက ပြောပေမဲ့ ဘယ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီလို့လည်း နီးစပ်သူတွေက ပြောပါတယ်။
ကျန်းမာရေးကြောင့် ဖေ့ဘွတ်ခ် အသုံးပြုတာ ခဏဝေးနေတာဖြစ်ပြီး ဒီအခြေအနေကို သတိမထားမိကြဘူးလို့ မင်းထင်ကိုကိုကြီးက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မေလလယ်ပိုင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့ပါတယ်။
အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ သူ ကွယ်လွန်တဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၁၉ ခုနှစ်တုန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံခဲ့ရလို့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပုဒ်မ ၅၀၅ (ခ)နဲ့ ထပ်မံ ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဒါအပြင် ၂၀၀၀ ပြည့်နှစ်ကာလတွေမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးတင်ဆက်မှုတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်တဲ့သတင်းကို သူနဲ့နီးစပ်တဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ရေးသား မျှဝေနေကြပါတယ်။
စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတဲ့ မြန်မာနဲ့ ရုရှားကြား သတင်းအချက်အလက် လုံခြုံရေး စင်တာ ပူးတွဲတည်ထောင်ဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်တယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတအဖြစ်ဦးဆောင်တဲ့အစိုးရအတွက် အမျိုးသားလုံခြုံရေးအကြံပေး တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်းရဲ့ မော်စကိုမြို့ ခရီးစဉ်အတွင်းမှာ အခု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။
ဦးတင်အောင်စန်းဟာ ရုရှားအမျိုးသားလုံခြုံရေးကောင်စီက ဦးဆောင်လုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မော်စကိုမြို့ကို သွားခဲ့တာဖြစ်ပါတယ်။
မေလ ၂၅ ရက်နေ ၃၁ ရက်အထိကြာတဲ့ မော်စကို ခရီးစဉ်အတွင်း မြန်မာနဲ့ ရုရှားကြား နိုင်ငံတကာအဆင့် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်မှာ ၃ နှစ်ကြာ ပူးပေါင်းရေးအစီအစဉ်ကိုလည်း လက်မှတ်ထိုးခဲ့တယ်လို့ နေပြည်တော်က ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပါတယ်။
ဦးတင်အောင်စန်းရဲ့ မော်စကိုခရီးစဉ်ဟာ ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိမှာ ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ မစ္စတာ ဆာဂေး ရှိုဂူရဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းနေပြည်တော်ခရီးအပြီးမှာ ပေါ်ပေါက်တာဖြစ်ပါတယ်။
ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးကတော့ မြန်မာဟာ လုံခြုံရေးအတွက် မော်စကို အားကိုးနိုင်တယ်လို့ဆိုပြီး မြန်မာနဲ့ ရုရှားဟာ အနောက်ရဲ့ဖိအားကို ကြုံနေရဆဲလို့ ပြောခဲ့ပါတယ်။
တဖက်မှာလည်း မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီးကတည်းကဆိုရင် အနောက်ပိတ်ဆို့ခံ မြန်မာနဲ့ ရုရှားကြား နီးကပ်တဲ့ဆက်ဆံရေးရှိထားပါတယ်။
ရုရှားနဲ့ မြန်မာကြား စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်ရေး တိုးလာဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း ရန်ကုန်မှာရှိတဲ့ ရုရှားသံအမတ်က ရုရှားတပ်သတင်းစာ ခရာစနီးယား ဗီယက်ဇဒါးကို မေလတုန်းက ပြောထားပါတယ်။
မြန်မာကို ရုရှားက လေကြောင်းကာကွယ်ရေး စနစ်နဲ့ လေယာဉ်တွေ ရောင်းချထားတာ၊ နောက် မြန်မာစစ်တပ်သားတွေ ရုရှားရဲ့စစ်ဘက်နဲ့ သိပ္ပံနည်းပညာကဏ္ဍမှာ ပမာဏတစ်ခုအထိ လာရောက်ပညာသင်နေတာတွေကို ထောက်ပြပြီး သူက အခုလိုပြောသွားတာဖြစ်ပါတယ်။
ကောင်းတပ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိတဲ့ လူနေထူထပ်တဲ့ရပ်ကွက်တစ်ခုဖြစ်ပြီး TNLA ရဲ့ တပ်ပိုင်းနဲ့ အရပ်ဘက်ဝန်ထမ်း တချို့လည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီယမ်းရုံက ကောင်းတပ်ရွာနဲ့ တဆက်တည်းဖြစ်နေပြီး နမ့်ခမ်းဆေးရုံနဲ့လည်း တစ်မိုင်လောက်ပဲ ဝေးတယ်လို့ ဆိုပါတယ်။
တစ်တော့(TikTok)နဲ့ ဝီချက်(WeChat)စတဲ့ တရုတ်လူမှုကွန်ရက်ပေါ်မှာလည်း ယမ်းချက်ရုံကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ နမ့်ခမ်းဒေသခံတချို့က ရေးသားနေကြပါတယ်။
စက်ရုံဝန်ထမ်းတချို့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့တာကြောင့် သူတို့နဲ့ရင်းနှီးသူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားကြတဲ့မှတ်တမ်းတွေကိုလည်း တွေ့ရပါတယ်။ ကောင်းတပ်ရွာအနီးက ယမ်းရုံကို TNLA နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ကောင်းတပ်ရွာဒေသခံ ၃ ဦးထက်မနည်းက ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်က ပေါက်ကွဲမှုတွေအကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့တစ်ဖက်ခြမ်းမှာရှိတဲ့ ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်ထဲက ပြင်းအားမြင့်ပေါက်ကွဲမှုအလွန် နောက်ဆက်တွဲကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောပါတယ်။
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲက ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ မနေ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောပါတယ်။ ပေါက်ကွဲမှုအလွန် ဘယ်လိုအကူအညီတွေပေးမှာလဲဆိုတာကိုတော့ သူက အသေးစိတ်ထည့်ပြောသွားတာ မရှိပါဘူး။
နမ့်ခမ်းဖြစ်စဉ်မှာ တရုတ်နိုင်ငံသား တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အခြေအနေကို အတည်ပြုစစ်ဆေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဒဏ်ရာရတရုတ်နိုင်ငံသားကို အကောင်းဆုံးကုသမှုပေးဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောခဲ့ပါတယ်။
နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး အထိရှိပြီး အဲဒီထဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၇ ဦးပါဝင်ကြောင်း TNLA က မနေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ စာရင်းအရ ပြင်းထန်ဒဏ်ရာရရှိသူ ၃၇ ဦးထဲမှာလည်း ကလေးငယ် ၉ ဦး အထိ ပါဝင်နေပါတယ်။
ဒါအပြင် ဒဏ်ရာအနည်းငယ်ရရှိသူ ၇၅ ဦးရှိပြီး ကလေးငယ် ၁၆ ဦး ပါဝင်နေပါတယ်။
TNLA ရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲမှုအလွန် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးလုပ်ပေးနေပြီး လိုအပ်တဲ့အကူအညီတွေလည်း ရအောင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အပျက်အစီးတွေကြားထဲမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲလို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
နမ့်ခမ်းမြို့နယ်က ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး မိုင်းတွင်းကျောက်ထုတ်လုပ်ဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲတာလို့ TNLA ဘက်က ပြောထားပါတယ်။
ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံသားတွေရဲ့ယမ်းချက်စက်ရုံနဲ့ ဆက်စပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး နောက်ဆုံးရစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက မေးမြန်းထားပေမဲ့ ဇွန်လ ၂ ရက်၊ မနက် ၉ နာရီခွဲအချိန်အထိ တစုံတရာ ပြန်လည် ဖြေကြားတာမရှိသေးပါဘူး။
မင်္ဂလာပါ။ ဇွန်လ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။